အင်ဒိုနီးရှားရဲတပ်ဖွဲ့က ရဲအရာရှိစက်ရုပ်တွေနဲ့ စက်ရုပ်ခွေး (canine units) ၂၅ ကောင်ကို စတင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့က ဂျကာတာမြို့မှာ ပြုလုပ်ခဲ့တဲ့ ရဲတပ်ဖွဲ့နှစ်ပတ်လည်အခမ်းအနား စစ်ရေးပြအခမ်းအနားမှာ အဲဒီစက်ရုပ်တွေကို ထည့်သွင်းချီတက်ပြသခဲ့ပါတယ်။
အဲဒီရဲစက်ရုပ်တွေကို ဗုံးရှင်းလင်းတာ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ၊ အဓိကရုဏ်းထိန်းသိမ်းတာလိုမျိုး အန္တရာယ်များတဲ့ တာဝန်တွေထမ်းဆောင်ဖို့ အဓိကရည်ရွယ် ဒီဇိုင်းထုတ်ထားတာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုပါတယ်။
ပြသခဲ့တဲ့ စက်ရုပ်တွေက ရဲယူနီဖောင်းနဲ့ ဦးထုပ်တွေအပါအဝင် ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဝတ်စုံအပြည့်အစုံကို ဝတ်ဆင်ထားကြပါတယ်။ မျက်နှာကိုမှတ်သားနိုင်တဲ့ နည်းပညာ (facial recognition)၊ စောင့်ကြည့်ရေးကိရိယာတွေ တပ်ဆင်ထားပြီး ယာဉ်ကြောထိန်းသိမ်းရေး၊ မှုခင်းဆေးပညာဆိုင်ရာ အထောက်အထားတွေစုဆောင်းတာနဲ့ မူးယစ်ဆေးဝါးရှာဖွေတာလိုမျိုး လုပ်ငန်းတွေမှာလည်း ကူညီဆောင်ရွက်နိုင်မယ်လို့ သိရပါတယ်။
အင်ဒိုနီးရှားအမျိုးသားရဲတပ်ဖွဲ့ (Polri) ရဲ့ ပြောကြားချက်အရ အဲဒီနည်းပညာသစ်တွေ အသုံးပြုတာက ကမ္ဘာလုံးဆိုင်ရာ ရဲလုပ်ငန်းခေတ်ရေစီးကြောင်းနဲ့အညီ လိုက်ပါဆောင်ရွက်တာဖြစ်ပြီး၊ အန္တရာယ်ရှိတဲ့ အခြေအနေတွေမှာ လူသားရဲအရာရှိတွေရဲ့ ထိခိုက်နိုင်ခြေကို လျှော့ချဖို့နဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ ရည်ရွယ်ပါတယ်။ အဲဒီအစီအစဉ်က အင်ဒိုနီးရှားရဲတပ်ဖွဲ့ရဲ့ ၂၀၂၅-၂၀၄၅ မဟာဗျူဟာစီမံကိန်းမှာလည်း ပါဝင်တယ်လို့ သိရပါတယ်။
ဒါပေမဲ့ အဲဒီစက်ရုပ်တွေ မိတ်ဆက်တာနဲ့ပတ်သက်ပြီး ကုန်ကျစရိတ်နဲ့ လက်တွေ့အသုံးဝင်မှုအပေါ် ဝေဖန်မှုတချို့လည်း ထွက်ပေါ်နေပါတယ်။ ရဲတပ်ဖွဲ့အနေနဲ့ တခြားပြုပြင်ပြောင်းလဲရေးကဏ္ဍတွေကို ပိုပြီးဦးစားပေးသင့်တယ်လို့ ဝေဖန်သူတချို့က သုံးသပ်ကြပါတယ်။
Ref : ICTV PH