Google ဟာ ဗီဒီယိုထုတ်ပေးတဲ့ Gemini ရဲ့ Veo 3 မှာ feature အသစ်တစ်ခုကို ဒီနေ့ပဲ ထပ်မံထည့်သွင်းလိုက်ပြီဖြစ်ပါတယ်။ ဒီနေ့ကစပြီး သင်ဟာ ဓာတ်ပုံတစ်ပုံကို ဗီဒီယို အဖြစ်သို့ ပြောင်းလဲနိုင်တော့မှာ ဖြစ်ပါတယ်။ အဲဒီ ဗီဒီယို တွေဟာ ရှစ်စက္ကန့်စာ ဗီဒီယို အတိုလေးတွေဖြစ်မှာဖြစ်ပြီး အသံလည်း ပါဝင်မှာဖြစ်ပါတယ်။
ဒီ feature ကို အသုံးပြုဖို့အတွက် prompt box ထဲက tool menu မှာ ဗီဒီယို ကိုရွေးပြီး ဓာတ်ပုံတစ်ပုံကို upload တင်ရမှာပါ။ ပြီးရင် သင်ဖြစ်စေချင်တဲ့ မြင်ကွင်းကို စာနဲ့ရေးသားဖော်ပြပြီး အသံနဲ့ပတ်သက်တဲ့ ညွှန်ကြားချက်တွေကို ထည့်ပေးလိုက်ရုံပါပဲ။ ဒါဆိုရင် သင့်ဓာတ်ပုံဟာ ဗီဒီယို အဖြစ် အလိုအလျောက်ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ ဖန်တီးပြီးသွားတဲ့အခါမှာတော့ သင်ဟာ အဲဒီ ဗီဒီယို ကို share လုပ်နိုင်သလို download လုပ်ထားနိုင်မှာလည်း ဖြစ်ပါတယ်။ Google က ဒီ feature ကို ပိုမိုကောင်းမွန်အောင်လုပ်ဆောင်နိုင်ဖို့အတွက် ဖန်တီးထားတဲ့ ဗီဒီယို တွေအောက်က thumbs up နဲ့ thumbs down ခလုတ်တွေကိုနှိပ်ပြီး feedback ပေးနိုင်တယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံကနေ ဗီဒီယို ဖန်တီးနိုင်တဲ့ ဒီ feature ကို Google AI Pro နဲ့ Ultra subscribers တွေအတွက် “ကမ္ဘာတဝှမ်းက ရွေးချယ်ထားတဲ့နိုင်ငံတွေမှာ” စတင်အသုံးပြုခွင့်ပေးနေပြီဖြစ်ပြီး Google ရဲ့ AI ရုပ်ရှင်ဖန်တီးရေး tool တစ်ခုဖြစ်တဲ့ Flow မှာလည်း ဒီ feature ကို အသုံးပြုနိုင်ပြီဖြစ်ပါတယ်။
Google ရဲ့ အဆိုအရ ပြီးခဲ့တဲ့ ခုနစ်ပတ်အတွင်းမှာ Gemini app နဲ့ Flow ကနေတစ်ဆင့် Veo 3 ဗီဒီယို ပေါင်း သန်း ၄၀ ကျော် ဖန်တီးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ အခုထပ်တိုးလိုက်တဲ့ feature အသစ်ကြောင့် ဒီအရေအတွက်ဟာ အနာဂတ်မှာ အဆမတန်မြင့်တက်သွားစေမှာ သေချာတယ်လို့ သုံးသပ်နေကြပါတယ်။
အရေးကြီးတဲ့အချက်တစ်ချက်ကတော့ ဒီ AI နဲ့ဖန်တီးထားတဲ့ ဗီဒီယို တွေမှာ AI ကဖန်တီးထားကြောင်း သိသာစေဖို့အတွက် မြင်နိုင်တဲ့ watermark တစ်ခု ပါဝင်မှာဖြစ်သလို၊ မျက်စိနဲ့မမြင်နိုင်တဲ့ SynthID digital watermark လည်း ပါဝင်မှာဖြစ်ကြောင်း Google က အသိပေးထားပါတယ်။
Ref : gsmarena