အီလွန်မတ်စ်ရဲ့ xAI က Apple နဲ့ OpenAI တို့ကို တရားမဝင် မိတ်ဖက်ဖွဲ့ပြီး ပြိုင်ဆိုင်မှုကို ဟန့်တားဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲကာ တရားစွဲဆိုလိုက်ပါတယ်။
မတ်စ်ရဲ့ xAI နဲ့ X လူမှုကွန်ရက်တို့က တက္ကဆက်ပြည်နယ် ဖက်ဒရယ်တရားရုံးမှာ တနင်္လာနေ့က တရားစွဲဆိုခဲ့တာဖြစ်ပြီး ဒီလုပ်ရပ်ဟာ Apple ရဲ့ စမတ်ဖုန်းစျေးကွက် လက်ဝါးကြီးအုပ်မှုကို ကာကွယ်ဖို့နဲ့ AI ချတ်ဘော့တ်စျေးကွက်မှာ လက်ဝါးကြီးအုပ်ထားတဲ့ OpenAI တို့ရဲ့ အကျိုးစီးပွားအတွက် ပူးပေါင်းကြတာဖြစ်တယ်လို့ ဆိုပါတယ်။
တရားစွဲဆိုမှုရဲ့ အဓိကအချက်ကတော့ Apple နဲ့ OpenAI တို့ဟာ သီးသန့်သဘောတူညီချက်တစ်ခု ပြုလုပ်ခဲ့ပြီး OpenAI ရဲ့ ChatGPT ဟာ Apple ရဲ့ iPhone စနစ်မှာ တစ်ဦးတည်းသော AI chatbot ဖြစ်လာစေကာ xAI ရဲ့ Grok လို ပြိုင်ဘက်တွေကို ပိတ်ဆို့ထားတယ်လို့ တိုင်ကြားထားပါတယ်။
ဒီသဘောတူညီချက်ကြောင့် ChatGPT ဟာ iPhone သုံးစွဲသူ သန်းပေါင်းများစွာဆီက မေးခွန်းပေါင်း ဘီလီယံချီပြီး ရရှိနေသလို Apple ကလည်း App Store မှာ ChatGPT ကို မျက်နှာသာပေးပြီး Grok app ရဲ့ update တွေကို အချိန်ဆွဲနေတယ်လို့လည်း စွပ်စွဲထားပါတယ်။
ဒီတရားစွဲဆိုမှုဟာ မကြာသေးခင်က အီလွန်မတ်စ်နဲ့ OpenAI ရဲ့ CEO ဆမ်အယ်လ်မန်တို့ X လူမှုကွန်ရက်ပေါ်မှာ အပြန်အလှန် ပြင်းပြင်းထန်ထန် ပြောဆိုကြပြီးနောက်မှာ ဖြစ်ပေါ်လာတာပါ။ မတ်စ်က Apple ကို ပြိုင်ဆိုင်မှုတားဆီးရေး ဥပဒေချိုးဖောက်တယ်လို့ စွပ်စွဲခဲ့သလို အယ်လ်မန်ကလည်း မတ်စ်ဟာ သူ့ပြိုင်ဘက်တွေကို နစ်နာစေဖို့ X ရဲ့ algorithm ကို ကြိုးကိုင်နေတယ်လို့ တန်ပြန်စွပ်စွဲခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ အရင်က OpenAI ကို အတူတကွ တည်ထောင်ခဲ့ကြပေမယ့် အခုအခါမှာတော့ ပြင်းထန်တဲ့ ပဋိပက္ခတွေ ရှိနေပါတယ်။
အီလွန်မတ်စ်ရဲ့ ကုမ္ပဏီတွေက ဒီတရားစွဲဆိုမှုကနေ ဒေါ်လာ ဘီလီယံချီတဲ့ နစ်နာကြေးနဲ့ ပြိုင်ဆိုင်မှုကို ဟန့်တားတဲ့ လုပ်ရပ်တွေကို အပြီးတိုင်ရပ်တန့်ဖို့ တားမြစ်မိန့် ထုတ်ပေးဖို့ တောင်းဆိုထားပါတယ်။ OpenAI ဘက်ကတော့ ဒါဟာ မစ္စတာမတ်စ်ရဲ့ အနှောင့်အယှက်ပေးနေကျ လုပ်ရပ်တစ်ခုသာ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပြီး Apple ကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို ချက်ချင်း တုံ့ပြန်ခြင်း မရှိသေးပါဘူး။
Ref: news.com.au