စင်္ကာပူနိုင်ငံက မောင်းသူမဲ့ နည်းပညာကို တိုးချဲ့ဆောင်ရွက်နေချိန်မှာ တရုတ်ကုမ္ပဏီနှစ်ခုက စင်္ကာပူမှာ robotaxi (မောင်းသူမဲ့တက္ကစီ) ဝန်ဆောင်မှုတွေ စတင်ဖို့ ပြည်တွင်းကုမ္ပဏီတွေနဲ့ ပူးပေါင်းသွားမယ်လို့ စက်တင်ဘာလ ၂၀ ရက်မှာ ပြောကြားခဲ့ပါတယ်။
Grab က တရုတ်နိုင်ငံရဲ့ WeRide နဲ့ ပူးပေါင်းပြီး လာမယ့်နှစ်မှာ ဝန်ဆောင်မှုတွေ စတင်မယ်လို့ ဆိုပါတယ်။ Pony.ai နဲ့ ComfortDelGro တို့ကလည်း အလားတူဝန်ဆောင်မှုတွေအတွက် ပူးပေါင်းဆောင်ရွက်နေပြီး စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေတယ်လို့ ပြောပါတယ်။
Grab က Punggol ဒေသမှာ မောင်းသူမဲ့ တက္ကစီ ဝန်ဆောင်မှုလမ်းကြောင်းနှစ်ခုကို လုပ်ကိုင်ဖို့ ဒေသခံအာဏာပိုင်တွေရဲ့ ရွေးချယ်မှုကို ခံခဲ့ရတယ်လို့ ပြောထားပါတယ်။
၂၀၂၆ ခုနှစ်အစောပိုင်းကစပြီး WeRide ရဲ့ ငါးယောက်စီးနဲ့ ရှစ်ယောက်စီးယာဉ်မော်ဒယ်တွေနဲ့ ခရီးသည်တွေကို စတင်ပြေးဆွဲမှာ ဖြစ်ပါတယ်။ ဇူလိုင်လမှာ WeRide က robotaxi ခရီးသည်တင်ယာဉ်ဝန်ဆောင်မှုတွေကို လုပ်ကိုင်ဖို့ ရှန်ဟိုင်းမြို့တော်စည်ပင်သာယာအစိုးရဆီကနေ ခွင့်ပြုချက် ရရှိခဲ့ပါတယ်။
Pony.ai ကလည်း အခြားနေရာတွေကို မတိုးချဲ့ခင် Punggol မှာ သတ်မှတ်လမ်းကြောင်းတွေနဲ့ မောင်းသူမဲ့ တက္ကစီ ဝန်ဆောင်မှုတွေကို စတင်ဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ခွင့်ပြုချက်ရပြီးနောက် လာမယ့်လတွေမှာ ဝန်ဆောင်မှုတွေ စတင်မယ်လို့ ဆိုပါတယ်။
Pony.ai က အခုအခါ တရုတ်နိုင်ငံရဲ့ အကြီးဆုံးမြို့ကြီးလေးမြို့ဖြစ်တဲ့ ပေကျင်း၊ ရှန်ဟိုင်း၊ ကွမ်ကျိုးနဲ့ ရှန်ကျန်းတို့မှာ စီးပွားဖြစ် robotaxi တွေကို ပြေးဆွဲလျက်ရှိပါတယ်။
Toyota ရဲ့ ကျောထောက်နောက်ခံပေးထားတဲ့ အဲဒီကုမ္ပဏီက နိုဝင်ဘာလမှာ Nasdaq စာရင်းဝင်တာကနေ အမေရိကန်ဒေါ်လာ သန်း ၂၆၀ ရရှိပြီးနောက် တောင်ကိုရီးယား၊ လူဇင်ဘတ်၊ အရှေ့အလယ်ပိုင်းနဲ့ အခြားနိုင်ငံတွေမှာ သူ့ရဲ့ မောင်းသူမဲ့ တက္ကစီဝန်ဆောင်မှုကို ဖြန့်ကျက်ဖို့ ရှာဖွေလျက်ရှိပါတယ်။ အဲဒီကုမ္ပဏီက ဒီနှစ်ကုန်မှာ သူ့ရဲ့ robotaxi ယာဉ်အုပ်စုကို အစီး ၁,၀၀၀ အထိ တိုးချဲ့ဖို့ စီစဉ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။
စင်္ကာပူအစိုးရက မောင်းသူမဲ့ နည်းပညာကို စူးစမ်းလေ့လာနေပြီး ပို့ဆောင်ရေးဝန်ကြီး ဂျက်ဖရီဆီယိုက ဇွန်လမှာ တရုတ်နိုင်ငံမှာရှိတဲ့ မောင်းသူမဲ့ ယာဉ်ကုမ္ပဏီအများအပြားဆီကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ စင်္ကာပူမှာ အဲဒီနည်းပညာကို စမ်းသပ်နေတဲ့ ဇုန်ငယ်တွေ ရှိနှင့်ပြီးသား ဖြစ်ပါတယ်။
Ref : Bangkokpost