မိုဘိုင်း app လောကကို ပြောင်းလဲပစ်မယ့် ခြေလှမ်းတစ်ခုအနေနဲ့ ChatGPT ကို ဖန်တီးခဲ့တဲ့ OpenAI က သူရဲ့ ကိုယ်ပိုင် app store ဗားရှင်းတစ်ခုကို ကြေညာလိုက်ပါတယ်။ အဲဒီ app store ကို ChatGPT ထဲမှာ တိုက်ရိုက် တည်ဆောက်သွားမယ်လို့ ကုမ္ပဏီက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အဲဒီ ပလက်ဖောင်းမှာ သုံးစွဲသူတွေဟာ ChatGPT မှာ စာရိုက်ပြီး ပြောသလိုပဲ app တွေကို သုံးနိုင်မှာပါ။ ရှင်းရှင်းပြောရရင် ChatGPT ထဲမှာပဲ app တွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ Apple နဲ့ Google တို့အတွက် ခေါင်းကိုက်စရာပါပဲ။
သုံးစွဲသူတွေဟာ အခုဆိုရင် Spotify ကို play list တစ်ခု ဖန်တီးခိုင်းတာမျိုး ဒါမှမဟုတ် Zillow မှာ အိမ်ခြံမြေတွေ ရှာခိုင်းတာမျိုးကို ChatGPT မှာ ပြုလုပ်နိုင်တော့မှာ ဖြစ်ပါတယ်။
ဒါ့အပြင် OpenAI ဟာ developer တွေကို ChatGPT အတွက် app တွေ ဖန်တီးနိုင်အောင် ခွင့်ပြုမယ့် software development kit (SDK) တစ်ခုကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ ကုမ္ပဏီက ဒီနှစ်နှောင်းပိုင်းမှာ app တင်သွင်းမှုတွေကို စတင်လက်ခံသွားမယ်လို့ ပြောပါတယ်။ ကုမ္ပဏီဟာ developer တွေကို သူတို့ရဲ့ app တွေကနေ ဝင်ငွေရှာဖွေနိုင်မယ့် နည်းလမ်းတွေကိုလည်း အသိပေးသွားမှာ ဖြစ်ပြီး အဲဒီအတွက် သုံးစွဲသူတွေကို ChatGPT အတွင်းမှာ တိုက်ရိုက်ငွေပေးချေမှုတွေ ပြုလုပ်နိုင်စေမယ့် OpenAI ရဲ့ commerce functionality အသစ်ကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။
OpenAI ဟာ သုံးစွဲသူတွေ app တွေ ရှာရတာလွယ်ကူအောင် app directory တစ်ခုကိုလည်း မိတ်ဆက်နေပါတယ်။ ဒီဇိုင်းနဲ့ လုပ်ဆောင်နိုင်စွမ်းပိုင်းမှာ မြင့်မားတဲ့ စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ app တွေကိုပဲ app store မှာ အထူးဖော်ပြပေးသွားမယ်လို့ ကုမ္ပဏီက ကြေညာထားပါတယ်။
Ref : Times of India