Tesla ရဲ့ မောင်းသူမဲ့ကားတွေ လမ်းပြောင်းပြန် မောင်းတာနဲ့ မီးပွိုင့်နီမှာ မရပ်တာတွေ အပါအဝင် ယာဉ်စည်းကမ်းချိုးဖောက်မှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်မှာ ကုမ္ပဏီကို အမေရိကန်အစိုးရက စုံစမ်းစစ်ဆေးနေပါတယ်။
အမျိုးသား အဝေးပြေးလမ်းမကြီး ဘေးကင်းရေး စီမံခန့်ခွဲမှုအဖွဲ့ (NHTSA) ရဲ့ တင်ပြချက်အရ၊ အဲဒီလျှပ်စစ်ကားတွေက အလားတူ ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ တိုင်ကြားချက် ၅၈ ခုကို သိရှိထားတယ်လို့ ဆိုပါတယ်။
မောင်းသူမဲ့ နည်းပညာအပြည့်အစုံ တပ်ဆင်ထားတဲ့ ကားအစီးရေ ခန့်မှန်းခြေ ၂.၉ သန်းလောက်က အဲဒီစုံစမ်းစစ်ဆေးမှုထဲမှာ ပါဝင်နေပါတယ်။
NHTSA ရဲ့ ပဏာမ ဆန်းစစ်မှုမှာ “Full Self-Driving (Supervised)” mode ရဲ့ “သက်ရောက်မှု အတိုင်းအတာ၊ အကြိမ်ရေ နဲ့ ဖြစ်လာနိုင်တဲ့ ဘေးကင်းရေးဆိုင်ရာ အကျိုးဆက်တွေ” ကို အကဲဖြတ်သွားမှာ ဖြစ်ပါတယ်။
Tesla ပိုင်ရှင်တွေအတွက် အပိုငွေပေးရတဲ့ အဲဒီ mode မှာ ကားတွေက လမ်းကြောပြောင်းတာ၊ ကွေ့တာတွေကို လုပ်နိုင်ပေမယ့် ယာဉ်မောင်းတွေကတော့ အချိန်မရွေး ပြန်ထိန်းချုပ်မောင်းနှင်နိုင်ဖို့ အမြဲတမ်း သတိရှိနေရမှာ ဖြစ်ပါတယ်။
NHTSA ရဲ့ အစီရင်ခံစာအရ၊ မီးပွိုင့်မှာ ရပ်ပြီးနောက် မီးနီနေတုန်းမှာပဲ ကားကပြန်ထွက်သွားလို့ ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှု ၆ ကြိမ် ရှိခဲ့ပါတယ်။ အဲဒီ ယာဉ်တိုက်မှုတွေထဲက လေးခုမှာ ထိခိုက်ဒဏ်ရာရမှုတွေ ဖြစ်ခဲ့ပါတယ်။
ပြဿနာ ထပ်ခါတလဲလဲ ဖြစ်ပွားခဲ့တဲ့ မေရီလန်းပြည်နယ်က လမ်းဆုံတစ်ခုမှာ ကားတွေ မီးပွိုင့်နီ ဖြတ်မောင်းတဲ့ “ကိစ္စကို ဖြေရှင်းဖို့” Tesla က အရေးယူဆောင်ရွက်ခဲ့တယ်လို့ ယာဉ်ထိန်းအာဏာပိုင်အဖွဲ့က ပြောပါတယ်။
အကွေ့မှာ မျက်နှာချင်းဆိုင် လမ်းကြောထဲကို ကားတွေ ရောက်သွားတယ်ဆိုတဲ့ သတင်းပို့ချက်တွေကိုလည်း အဲဒီအေဂျင်စီက စုံစမ်းစစ်ဆေးသွားမှာ ဖြစ်ပါတယ်။
အချို့ ဖြစ်စဉ်တွေမှာ “ယာဉ်မောင်းကို ကြိုတင်သတိပေးတာ ဒါမှမဟုတ် ဝင်ထိန်းဖို့ အခွင့်အရေးပေးတာမျိုး မရှိသလောက်ပဲ” လို့ ဆိုပါတယ်။
Tesla ဟာ Model Y ကားတွေထဲမှာ ကလေးတွေ ပိတ်မိခဲ့တယ်ဆိုတဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားပြီးနောက် ကားတွေရဲ့ တံခါးလော့ခ်ချတဲ့ စနစ်တွေနဲ့ ပတ်သက်ပြီး NHTSA ရဲ့ စုံစမ်းစစ်ဆေးမှုကို ရင်ဆိုင်နေရပြီးသား ဖြစ်ပါတယ်။
တချို့ဖြစ်စဉ်တွေမှာဆိုရင် ကားပိုင်ရှင်တွေက ကလေးတွေကို အပြင်ထုတ်နိုင်ဖို့ ပြတင်းပေါက်တွေကို ရိုက်ခွဲခဲ့ရပါတယ်။
Tesla ဟာ တရုတ်ကုမ္ပဏီတွေ ထုတ်လုပ်လေ့ရှိတဲ့ ဈေးသက်သာတဲ့ လျှပ်စစ်ကားတွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့ ကြိုးစားတဲ့အနေနဲ့ သူတို့ရဲ့ လူကြိုက်အများဆုံး ကားနှစ်မျိုးရဲ့ ဈေးသက်သာတဲ့ မော်ဒယ်သစ်တွေကို မကြာသေးခင်က မိတ်ဆက်ခဲ့ပါတယ်။
Ref : bbc