UAE ရဲ့ အဘူဒါဘီမှာ ကမ္ဘာ့ ပထမဆုံး မောင်းသူမဲ့ ကားမောင်းပြိုင်ပွဲ ကျင်းပခဲ့ပါတယ်။ Yas Marina Circuit မှာ ကျင်းပခဲ့တဲ့ Abu Dhabi Autonomous Racing League (A2RL) ပြိုင်ပွဲမှာ ယာဉ်မောင်းမပါတဲ့ ပြိုင်ကား ၆ စီး ယှဉ်ပြိုင်ခဲ့ကြပြီး AI နဲ့ စက်ရုပ်နည်းပညာအတွက် သမိုင်းဝင် မှတ်တိုင်တစ်ခု ဖြစ်လာခဲ့ပါတယ်။ ကမ္ဘာ့ပထမဆုံး Grand Final အဖြစ် ကျင်းပတဲ့ ဒီပြိုင်ပွဲမှာတော့ ဂျာမနီနိုင်ငံက TUM အသင်းက ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ပြိုင်ပွဲဟာ ပြိုင်ဆိုင်မှု အရှိန်အဟုန်ပြင်းထန်ပြီး AI မဟာဗျူဟာများစွာ သုံးခဲ့ကြပါတယ်။ ပြိုင်ကားတွေဟာ တစ်နာရီကို ကီလိုမီတာ ၂၅၀ (၁၅၅ မိုင်) အထိ အရှိန်တင် မောင်းနှင်ကာ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပါတယ်။ အီတလီနိုင်ငံက Unimore အသင်းဟာ အံ့မခန်း အရှိန်နှုန်းနဲ့ ဦးဆောင်သူကို ကျော်တက်နိုင်ခဲ့ပြီး စွမ်းဆောင်ရည်ကောင်းတွေကို ပြသနိုင်ခဲ့တာကြောင့် ပြိုင်ပွဲရဲ့ အမြန်ဆုံးပတ်လမ်းမောင်းနှင်နိုင်မှုဆု (Fastest Lap Award) ကို ရရှိခဲ့ပါတယ်။

ဒီပြိုင်ပွဲဟာ ပြိုင်ပွဲတစ်ခု သက်သက်မဟုတ်ဘဲ အနာဂတ် မြို့ပြတွေနဲ့ လုပ်ငန်းခွင်တွေမှာ အသုံးပြုလာမယ့် အလိုအလျောက်စနစ်တွေအတွက် အရေးပါတဲ့ စမ်းသပ်ကွင်းတစ်ခု ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ ပြိုင်ပွဲမတိုင်ခင် စမ်းသပ်မှုတွေမှာလည်း ပြိုင်ကားတွေရဲ့ စွမ်းဆောင်ရည်ဟာ လူသားတွေ မောင်းနှင်တဲ့ စံချိန်တွေကို မီလာရုံသာမက တချို့နေရာတွေမှာ ကျော်လွန်နိုင်တဲ့အထိ နည်းပညာပိုင်းဆိုင်ရာ တိုးတက်မှုတွေ ရှိလာခဲ့ပါတယ်။
ပြိုင်ပွဲဝင်အသင်းတွေကလည်း ဒီပြိုင်ပွဲဟာ အလိုအလျောက်မောင်းနှင်မှုစနစ်တွေရဲ့ ရင့်ကျက်မှုနဲ့ ပရော်ဖက်ရှင်နယ်အဆင့်အတန်းကို ပြသနိုင်ခဲ့တယ်လို့ သုံးသပ်ကြပါတယ်။ Motorsport နဲ့ AI သုတေသန ပေါင်းစပ်ထားတဲ့ ဒီပွဲစဉ်ဟာ ရှုပ်ထွေးတဲ့ အခြေအနေတွေမှာ ဆုံးဖြတ်ချက်ချနိုင်တဲ့ စနစ်တွေကို လက်တွေ့စမ်းသပ်နိုင်ခဲ့ပြီး နည်းပညာပိုင်းဆိုင်ရာ အောင်မြင်မှုရလဒ်ကောင်းတွေကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။
Ref : interesting engineering