အခုရက်ပိုင်း အင်တာနက်စာမျက်နှာတွေနဲ့ လူမှုကွန်ရက်တွေပေါ်မှာ Elon Musk, Mark Zuckerberg, Jeff Bezos နဲ့ Jensen Huang တို့အပါအဝင် ကမ္ဘာ့ထိပ်တန်း နည်းပညာကုမ္ပဏီကြီးတွေက CEO တွေ စုဝေးနေကြတဲ့ ပုံတွေ တော်တော်လေး ပျံ့နှံ့နေပါတယ်။
ပုံတွေထဲမှာ Elon Musk က ဆေးပြင်းလိပ်သောက်ပြီး ခပ်မိုက်မိုက် “Gangster” ပုံစံဖမ်းနေတာ၊ NVIDIA CEO Jensen Huang က သူ့ရဲ့ နာမည်ကျော် လည်သာဂျာကင်အင်္ကျီနဲ့ ရပ်နေတာ၊ ပြီးတော့ နောက်ခံမှာ Tesla Cybertruck အပါအဝင် တန်ဖိုးကြီးပြိုင်ကားတွေ ရပ်ထားတာကို တွေ့ရမှာပါ။ နောက်ထပ် ပုံတစ်ပုံမှာတော့ သူတို့တစ်သိုက် ကျဉ်းကျဉ်းကျပ်ကျပ် အခန်းလေးထဲမှာ ဘီလျံနာတွေနဲ့ မလိုက်ဖက်အောင် ရိုးရှင်းတဲ့ ပုံစံမျိုးနဲ့ စုဝေးပြီး စကားပြောနေကြတာကို မြင်ရပါတယ်။
တကယ်တော့ အဲဒီပုံတွေဟာ အစစ်အမှန် မဟုတ်ပါဘူး။ AI နည်းပညာကိုသုံးပြီး ဖန်တီးထားတဲ့ ပုံရိပ်တွေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ပုံတွေက အရမ်းကို သဘာဝကျပြီး အသေးစိတ်ကျလွန်းတာကြောင့် (ဥပမာ – Mark Zuckerberg ရဲ့ မျက်နှာနေမျက်နှာထားနဲ့ Elon Musk ရဲ့ ကိုယ်ဟန်အနေအထားမျိုးတွေကအစ) လူတော်တော်များများက သဘောကျပြီး ပြန်လည်မျှဝေနေကြတာပါ။
ဒီပုံတွေကို ကြည့်ပြီး လူမှုကွန်ရက်သုံးစွဲသူတွေက “Tech Bosses” (နည်းပညာလောကရဲ့ ဆရာကြီးများ) ဂိုဏ်းဖွဲ့နေကြပြီလို့ နောက်ပြောင်နေကြသလို၊ Grand Theft Auto (GTA) ဂိမ်းထဲက ဇာတ်ဝင်ခန်းတွေနဲ့ တူနေတယ်လို့လည်း မှတ်ချက်ပေးနေကြပါတယ်။ တချို့ကလည်း “ကမ္ဘာကြီးကို ဘယ်လိုဆက်ပြီး ထိန်းချုပ်မလဲဆိုတာ လျှို့ဝှက်တိုင်ပင်နေကြတာ” လို့ စနောက်နေကြပါတယ်။
တကယ်တမ်း ပြင်ပလောကမှာ စီးပွားရေးအရ အပြိုင်အဆိုင် ဖြစ်နေကြတဲ့ ဒီ CEO ကြီးတွေသာ အဲဒီလို ခင်ခင်မင်မင်နဲ့ “Bro” တွေလို ဆုံဖြစ်ရင် ဘယ်လိုနေမလဲဆိုတဲ့ စိတ်ကူးယဉ်ပုံရိပ်ကို AI က ဖန်တီးပေးလိုက်တာမို့ အားလုံးက စိတ်ဝင်တစား ဖြစ်နေကြတာပဲ ဖြစ်ပါတယ်။
Ref : Times of India

