AI ကုမ္ပဏီကြီး OpenAI အနေနဲ့ ChatGPT ကို အပတ်စဉ်အသုံးပြုသူတွေထဲက အနည်းဆုံး သန်း ၂၂၀ လောက်က ပိုက်ဆံပေးပြီး သုံးစွဲလာကြလိမ့်မယ်လို့ ခန့်မှန်းထားကြောင်း The Information သတင်းဌာနက အတွင်းသိတစ်ဦးကို ကိုးကားပြီး အင်္ဂါနေ့မှာ ဖော်ပြလာပါတယ်။

အစီရင်ခံစာအရ ၂၀၃၀ ခုနှစ်ရောက်ရင် ChatGPT ရဲ့ အပတ်စဉ် အသုံးပြုသူဦးရေဟာ ၂.၆ ဘီလီယံလောက် ရှိလာနိုင်ပြီး အဲဒီထဲက ၈.၅% (လူဦးရေ သန်း ၂၂၀ ဝန်းကျင်) က ChatGPT ကို လစဉ်ကြေးပေးပြီး (Subscribe လုပ်ပြီး) သုံးလာကြမယ်လို့ OpenAI က တွက်ချက်ထားပါတယ်။ ဒီပမာဏဟာ ChatGPT ကို ကမ္ဘာ့အကြီးဆုံး Subscription စီးပွားရေးလုပ်ငန်းတွေထဲက တစ်ခုအဖြစ် ရောက်ရှိသွားစေမှာပါ။

လက်ရှိအခြေအနေကို ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ ဇူလိုင်လ စာရင်းတွေအရ ChatGPT ကို အပတ်စဉ် သုံးစွဲနေသူတွေထဲက ၅% လောက် (လူဦးရေ ၃၅ သန်းဝန်းကျင်) ဟာ တစ်လကို ဒေါ်လာ ၂၀ တန် “Plus” အစီအစဉ် ဒါမှမဟုတ် ဒေါ်လာ ၂၀၀ တန် “Pro” အစီအစဉ်တွေကို ဝယ်ယူသုံးစွဲနေကြပြီလို့ ဆိုပါတယ်။
ဝင်ငွေများသလို အသုံးစရိတ်လည်း ကြီးမား
OpenAI ရဲ့ နှစ်စဉ်ဝင်ငွေဟာ ဒီနှစ်ကုန်မှာ ဒေါ်လာ ဘီလီယံ ၂၀ လောက်အထိ ရောက်ရှိဖို့ မျှော်မှန်းထားပေမယ့် ကုမ္ပဏီရဲ့ ဆုံးရှုံးမှုတွေကလည်း မြင့်တက်နေဆဲပဲလို့ သတင်းရင်းမြစ်တွေက Reuters ကို ပြောကြားထားပါတယ်။
The Information ရဲ့ စက်တင်ဘာလ အစီရင်ခံစာအရ OpenAI ဟာ ၂၀၂၅ ပထမနှစ်ဝက်မှာ ဝင်ငွေ ဒေါ်လာ ၄.၃ ဘီလီယံလောက် ရရှိခဲ့ပါတယ်။ ဒါဟာ မနှစ်က တစ်နှစ်လုံးရခဲ့တဲ့ ဝင်ငွေထက် ၁၆% ပိုများပါတယ်။ ဒါပေမယ့် AI နည်းပညာ ဖွံ့ဖြိုးတိုးတက်ဖို့ သုတေသနလုပ်ငန်းတွေနဲ့ ChatGPT လည်ပတ်ဖို့ ကုန်ကျစရိတ်တွေကြောင့် ဒေါ်လာ ၂.၅ ဘီလီယံလောက် သုံးစွဲခဲ့ရတယ်လို့ ဆိုပါတယ်။
ဝင်ငွေလမ်းကြောင်းသစ်များ
OpenAI ဟာ ဈေးဝယ်ခြင်းဆိုင်ရာနဲ့ ကြော်ငြာအခြေပြု Feature အသစ်တွေကနေ ကုမ္ပဏီဝင်ငွေရဲ့ ၂၀% လောက်ကို ရရှိဖို့ မျှော်မှန်းထားပါတယ်။ ဒီအပတ်မှာပဲ ChatGPT အတွက် Personal shopping assistant (ဈေးဝယ်လက်ထောက်) ကို မိတ်ဆက်ပေးခဲ့ပြီး ဒါဟာ ကြော်ငြာတွေ (ဒါမှမဟုတ်) ကော်မရှင်ရယူပြီး ရောင်းချတာတွေကနေ ဝင်ငွေရှာဖို့ လမ်းစတစ်ခု ဖြစ်လာနိုင်ပါတယ်။
Ref : Bangkokpost