Abu Dhabi မှာ စမ်းသပ်ကာလ တစ်နှစ်ကြာ ဖြတ်သန်းပြီးတဲ့နောက် တရုတ် မောင်းသူမဲ့ကား နည်းပညာကုမ္ပဏီ WeRide နဲ့ Uber တို့ဟာ ယာဉ်မောင်းအကူ လုံးဝမပါဝင်တဲ့ driverless robotaxi ဝန်ဆောင်မှုကို တရားဝင် စတင်လိုက်ပါပြီ။ F1 ပြိုင်ပွဲကျင်းပရာ Yas Island မှာ စတင်ပြေးဆွဲပေးမယ့် အဲဒီဝန်ဆောင်မှုမှာ အရင်ကလို safety operator (အရန်ယာဉ်မောင်း) မပါဝင်တော့ဘဲ ခရီးသည်တွေချည်း သီးသန့် လိုက်ပါစီးနင်းရမှာ ဖြစ်ပါတယ်။ ဒါဟာ UAE အစိုးရဆီကနေ ပြေးဆွဲခွင့်လိုင်စင် ရရှိပြီး တစ်လအကြာမှာ အကောင်အထည် ပေါ်လာတာလည်း ဖြစ်ပါတယ်။

ခရီးသည်တွေအနေနဲ့ ဒီဝန်ဆောင်မှုကို အသုံးပြုချင်ရင် Uber app ထဲကနေ မှာယူနိုင်မှာဖြစ်ပြီး Uber Comfort ဒါမှမဟုတ် UberX ကို ရွေးချယ်ရင် WeRide robotaxi နဲ့ ကျပန်းချိတ်ဆက်မိနိုင်သလို၊ “Autonomous” ဆိုတဲ့ option ကို သီးသန့်ရွေးချယ်ပြီးတော့လည်း စမ်းသပ်စီးနင်းနိုင်ပါတယ်။ Uber ရဲ့ တာဝန်ရှိသူ Sarfraz Maredia ကတော့ ဒါဟာ US နဲ့ China ပြင်ပမှာ ပထမဆုံးအကြိမ် driverless AV တွေကို ဖြန့်ကြက်အသုံးပြုတာဖြစ်လို့ သမိုင်းဝင်မှတ်တိုင်တစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ဒီဝန်ဆောင်မှုကို Abu Dhabi မြို့လယ်ခေါင်အထိ တိုးချဲ့ဖို့လည်း ပြင်ဆင်နေပါတယ်။

Uber ဟာ လွန်ခဲ့တဲ့ ၂ နှစ်အတွင်းမှာ နိုင်ငံတကာက မောင်းသူမဲ့ကား ကုမ္ပဏီ ၂၀ လောက်နဲ့ လက်တွဲခဲ့ပြီး အခုလို လက်တွေ့ဝန်ဆောင်မှုတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ဒီထဲမှာ May Mobility ၊ Volkswagen ၊ Momenta ၊ Pony.ai နဲ့ Baidu တို့လို ကုမ္ပဏီတွေ ပါဝင်ပြီး လူစီးကားတွေသာမက ကုန်တင်ယာဉ်နဲ့ ပစ္စည်းပို့ဆောင်ရေး လုပ်ငန်းတွေအထိ နယ်ပယ်စုံ ဖြန့်ကြက်ထားတာ တွေ့ရပါတယ်။ ဒါ့အပြင် Lucid Gravity SUV တွေကို အသုံးပြုပြီး premium robotaxi ဝန်ဆောင်မှုပေးဖို့လည်း Nuro နဲ့ လက်တွဲထားပါသေးတယ်။
Uber CEO ဖြစ်သူ Dara Khosrowshahi ကတော့ ၂၀၂၆ နှစ်ကုန်မှာ မြို့ပေါင်း ၁၀ မြို့လောက်အထိ မောင်းသူမဲ့ကား ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ မှန်းထားပါတယ်။ လက်ရှိ Abu Dhabi ပြီးရင် Dubai အပါအဝင် Middle East နဲ့ Europe နိုင်ငံတွေက မြို့ပေါင်း ၁၅ မြို့လောက်အထိ တိုးချဲ့သွားဖို့ WeRide နဲ့ ပူးပေါင်း စီစဉ်ထားပါတယ်။ ဒါဟာ လက်ရှိ ဒေသတွင်းမှာ robotaxi အစီးရေ ၁၅၀ လောက်ပဲရှိတဲ့ WeRide အတွက်တော့ အစီးရေထောင်ချီအထိ တိုးပွားလာမယ့် ကြီးမားတဲ့ အခွင့်အလမ်းတစ်ခု ဖြစ်လာနိုင်ပါတယ်။
Ref : Tech Crunch