Realme ကုမ္ပဏီကနေ အားကစားနဲ့ ဖျော်ဖြေရေးပိုင်းမှာ အသားပေးထားတဲ့ Realme Pad 3 တက်ဘလက်ကို အိန္ဒိယနိုင်ငံမှာ တရားဝင် မိတ်ဆက်လိုက်ပါတယ်။ ဒီတက်ဘလက်ရဲ့ အဓိက ထူးခြားချက်ကတော့ 12,200 mAh ဆိုတဲ့ ဘက်ထရီပမာဏ အကြီးကြီးကို သုံးထားတာဖြစ်ပြီး အားတစ်ခါသွင်းထားရင် ဗီဒီယိုတွေကို ၁၆ နာရီကျော်အထိ အဆက်မပြတ် ကြည့်လို့ရမှာ ဖြစ်ပါတယ်။ အဲဒီအပြင် 45W အမြန်အားသွင်းစနစ် ပါဝင်တဲ့အတွက် ဘက်ထရီပမာဏ များပေမယ့် အားပြန်သွင်းရတာ မြန်ဆန်မှာ ဖြစ်ပါတယ်။

မျက်နှာပြင်ပိုင်းမှာတော့ ၁၁.၆၁ လက်မ ရှိတဲ့ 2.8K Resolution LCD Display ကို သုံးထားပြီး 120Hz Refresh Rate ပါတာကြောင့် ရုပ်ထွက်ပိုင်းမှာ အထူးချောမွေ့မှာ ဖြစ်ပါတယ်။ စွမ်းဆောင်ရည်အတွက် MediaTek Dimensity 7300-Max Chipset ကို သုံးထားသလို RAM 8GB နဲ့ Storage 256GB အထိ ရွေးချယ်နိုင်ပါတယ်။ ရှေ့ဘက်နဲ့ နောက်ဘက်မှာ 8MP စီ ရှိတဲ့ ကင်မရာတွေကို တပ်ဆင်ပေးထားပြီး စာရိုက်တဲ့အခါမှာဖြစ်ဖြစ်၊ ပုံဆွဲတဲ့အခါမှာဖြစ်ဖြစ် အဆင်ပြေစေမယ့် Smart Pen လိုမျိုး Stylus ကိုလည်း Support လုပ်ပေးထားပါတယ်။

ဈေးနှုန်းအနေနဲ့ Wi-Fi သီးသန့်မော်ဒယ် (8/128GB) ကို ၂၆,၉၉၉ ရူပီး (မြန်မာငွေ ၇ သိန်းခွဲဝန်းကျင်) ကနေ စတင်မှာဖြစ်ပြီး 5G မော်ဒယ် (8/256GB) ကိုတော့ ၃၁,၉၉၉ ရူပီး (မြန်မာငွေ ၉ သိန်းနီးပါး) အထိ သတ်မှတ်ထားပါတယ်။ အဲဒီ တက်ဘလက်ကို Space Grey နဲ့ Champagne Gold ဆိုပြီး အရောင်နှစ်မျိုးနဲ့ ဇန်နဝါရီ ၁၆ ရက်နေ့မှာ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။
Ref : gizmochina