ပြီးခဲ့တဲ့နှစ်ကမှ ထွက်ရှိလာပြီး လူကြိုက်များခဲ့တဲ့ AI နဲ့ ဗီဒီယိုဖန်တီးတဲ့ Sora App ကို ဘာအကြောင်းပြချက်မှမပေးဘဲ ရုတ်တရက် ရပ်ဆိုင်းလိုက်ပြီလို့ OpenAI က အံ့အားသင့်ဖွယ် ကြေညာလိုက်ပါတယ်။ Sora ကို အသုံးပြုပြီး ဖန်တီးမှုတွေလုပ်ခဲ့ကြသူတွေအားလုံးကို ကျေးဇူးတင်ကြောင်းနဲ့ အခုသတင်းကြောင့် အားလုံးစိတ်ပျက်ရမယ်ဆိုတာကို သိရှိကြောင်း OpenAI အဖွဲ့က အင်္ဂါနေ့မှာ အသိပေးခဲ့ပါတယ်။

ဒီကြေညာချက်ဟာ Disney နဲ့ OpenAI တို့ကြား ၃ နှစ်စာ သဘောတူညီမှုရယူခဲ့ပြီး ၃ လအကြာမှာပဲ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ မူလက ၂၀၂၆ ခုနှစ် အစောပိုင်းမှာ Disney က ဇာတ်ကောင်တွေကို အသုံးပြုပြီး Sora နဲ့ ChatGPT Images တို့ကနေ ပရိသတ်တွေအတွက် ဗီဒီယိုတွေဖန်တီးဖို့ စီစဉ်ထားပေမယ့် အခုအခါမှာတော့ Disney က OpenAI နဲ့ ပူးပေါင်းဆောင်ရွက်မှုကို အဆုံးသတ်လိုက်ပြီ ဖြစ်ပါတယ်။ ဒီပူးပေါင်းမှုမှာ Disney ဘက်ကနေ OpenAI ကို ဒေါ်လာ ၁ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံမယ့် အစီအစဉ်လည်း ပါဝင်ခဲ့တာပါ။

၂၀၂၅ ခုနှစ် စက်တင်ဘာလနှောင်းပိုင်းမှာ ထွက်ရှိခဲ့တဲ့ OpenAI ရဲ့ ဒုတိယမြောက်ဗားရှင်း Sora ဟာ အလွန်လက်တွေ့ကျတဲ့ ဗီဒီယိုတွေကို ဖန်တီးနိုင်ခဲ့ပေမယ့် Hollywood အတွက်တော့ ကြီးမားတဲ့စိုးရိမ်စရာတစ်ခု ဖြစ်လာခဲ့ပါတယ်။ မူပိုင်ခွင့်ပိုင်ရှင်တွေအနေနဲ့ သူတို့ရဲ့ ဖန်တီးမှုတွေကို စနစ်ထဲကနေ ဖယ်ထုတ်ချင်ရင် ကိုယ်တိုင်တောင်းဆိုရမယ့်စနစ်ကြောင့် Studio Ghibli အပါအဝင် ဂျပန်အခြေစိုက် CODA အဖွဲ့ကြီးက သူတို့ရဲ့ အကြောင်းအရာတွေကို Sora လေ့ကျင့်ရာမှာ အသုံးမပြုဖို့ တောင်းဆိုခဲ့ပါတယ်။ အခုလို Sora ကို ရပ်ဆိုင်းလိုက်တဲ့အတွက် ChatGPT မှာလည်း စာသားကနေတစ်ဆင့် ဗီဒီယိုဖန်တီးတာတွေကို လုပ်ဆောင်ပေးတော့မှာ မဟုတ်ပါဘူး။
တခြား AI ဗီဒီယိုဖန်တီးတဲ့ ပလက်ဖောင်းတွေ ဆက်ရှိနေဦးမှာဖြစ်ပေမယ့် အဲဒီအထဲက တချို့ကိုတော့ Disney နဲ့ တခြား Hollywood စတူဒီယိုတွေက မူပိုင်ခွင့်ချိုးဖောက်တယ်လို့ စွပ်စွဲထားပါတယ်။ Disney ဟာ OpenAI နဲ့ သဘောတူညီမှုမရခင်ကတည်းက Google၊ Meta နဲ့ Character AI တို့ကို မူပိုင်ခွင့်ချိုးဖောက်မှုနဲ့ သတိပေးစာတွေ ပေးပို့ခဲ့သလို NBCUniversal နဲ့ Warner Bros Discovery တို့နဲ့ ပူးပေါင်းပြီး Midjourney နဲ့ Minimax တို့ကိုလည်း တရားစွဲဆိုထားပါတယ်။ မကြာသေးခင်ကလည်း တရုတ်ကုမ္ပဏီ ByteDance ရဲ့ Seedance 2.0 AI စနစ်ကို Paramount၊ Sony နဲ့ Netflix အပါအဝင် နာမည်ကြီးစတူဒီယိုတွေက တရားရေးအရ ခြိမ်းခြောက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
Ref : Variety