အချစ်ရေးမှာ လမ်းခွဲပြတ်စဲသွားလို့ စိတ်မကောင်းဖြစ်နေရတဲ့ တရုတ်လူငယ်တွေကြားမှာ AI သုံးပြီး “ရည်းစားဟောင်းအတု” (AI replicas) ဖန်တီးတဲ့ အလေ့အထသစ်တစ်ခု အရှိန်အဟုန်နဲ့ ခေတ်စားလာပါတယ်။ ဒီနည်းပညာဟာ ရည်းစားဟောင်းရဲ့ စကားပြောဟန်၊ လေသံနဲ့ သူသုံးနေကျ စကားလုံးလေးတွေကိုပါ အတိအကျ တုပနိုင်တာကြောင့် ပြတ်စဲသွားတဲ့ ဆက်ဆံရေးကို ဒီဂျစ်တယ်ကမ္ဘာထဲမှာ ပြန်လည်အသက်သွင်းပေးလိုက်သလိုပါပဲ။ ဒါပေမဲ့ ဒီလိုပြန်စကားပြောတာဟာ စိတ်ဒဏ်ရာကို ကုစားပေးတာလား၊ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ ပိုပြီးစွဲလမ်းသွားစေတာလားဆိုတဲ့အပေါ်မှာတော့ အငြင်းပွားစရာတွေ ဖြစ်နေပါတယ်။

ဒီလို ရည်းစားဟောင်းအတု ဖန်တီးဖို့ဆိုရင် အရင်က ပြောဖူးတဲ့ Chat log တွေ၊ ပို့စ်တွေနဲ့ ဓာတ်ပုံတွေကို AI platform ပေါ် တင်ပေးရုံပါပဲ။ ပိုပြီး စစ်မှန်သွားအောင်လို့ “Ex-partner.skill” ဆိုတဲ့ နည်းပညာကိုသုံးပြီး နှစ်ယောက်အတူ သွားခဲ့တဲ့ ခရီးတွေ၊ စားလေ့ရှိတဲ့ အစားအသောက်တွေနဲ့ ရန်ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကိုပါ AI ကို သင်ပေးလို့ ရပါတယ်။ အချက်အလက်တွေ စုံသွားတဲ့အခါမှာတော့ AI ဟာ ကိုယ့်ရည်းစားဟောင်းရဲ့ အတွေးအခေါ်အတိုင်း အနီးစပ်ဆုံး ပြန်လည်တုံ့ပြန်နိုင်စွမ်း ရှိလာတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဒီလုပ်ရပ်ဟာ စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်မှု (Emotional cheating) မြောက်သလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်နေသလို၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက် လုံခြုံမှု (Privacy) နဲ့ ပတ်သက်လို့လည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။ နည်းပညာက အမှတ်တရတွေကို ပြန်လည်ဖန်တီးပေးနိုင်ပေမဲ့ တစ်ဖက်မှာလည်း လူသားတွေရဲ့ စစ်မှန်တဲ့ ဆက်ဆံရေးနဲ့ ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းကို အကန့်အသတ်ဖြစ်စေနိုင်တယ်လို့ ပညာရှင်တွေက သတိပေးနေပါတယ်။
Ref : South China Morning Post