Elon Musk ရဲ့ Neuralink ကုမ္ပဏီဟာ လူ့ဦးနှောက်ထဲကို ချစ်ပ်ပြားတွေ အလိုအလျောက် ထည့်သွင်းပေးနိုင်မယ့် ခွဲစိတ်စက်ရုပ် (Surgical Robot) အသစ်ကို ထုတ်ဖော်ပြသလိုက်ပါတယ်။ ဒီစက်ရုပ်ဟာ ခေတ်မီကင်မရာတွေနဲ့ OCT ပုံရိပ်ဖော်နည်းပညာကို သုံးပြီး ဦးနှောက်တစ်ရှူးတွေကြားထဲမှာ ဆံပင်ထက် အဆပေါင်းများစွာ ပါးလွှာတဲ့ အမျှင်တန်းလေးတွေကို တစ်မျှင်ချင်းစီ တိတိကျကျ နေရာချပေးမှာ ဖြစ်ပါတယ်။

အထူးခြားဆုံးကတော့ ဒီစက်ရုပ်ဟာ ဦးနှောက်အမြှေးပါးကို ဖယ်ရှားစရာမလိုဘဲ ခွဲစိတ်ပေးနိုင်တာကြောင့် ခွဲစိတ်ချိန်ကို သိသိသာသာ မြန်ဆန်စေသလို ပိုးဝင်မယ့်အန္တရာယ်ကိုလည်း အထိရောက်ဆုံး လျှော့ချပေးနိုင်ပါတယ်။ Neuralink ရဲ့ အဆိုအရ ဒီနည်းပညာဟာ ဦးနှောက်နဲ့ ကွန်ပျူတာ ချိတ်ဆက်မှုကို ပိုမိုဘေးကင်းစေပြီး နောင်တစ်ချိန်မှာ လူအများအပြားကို ဝန်ဆောင်မှုပေးနိုင်မယ့် အဆင့်အထိ ရည်မှန်းထားတာပါ။

၂၀၂၆ ခုနှစ် အစောပိုင်းအထိ လေဖြတ်နေသူတွေနဲ့ အာရုံကြောရောဂါ ဝေဒနာရှင် ၂၀ ဝန်းကျင်မှာ ဒီချစ်ပ်ပြားတွေကို စမ်းသပ်ထည့်သွင်းပေးထားပြီး ဖြစ်ပါတယ်။ လက်ရှိမှာ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၆၅၀ သန်း ထပ်မံရရှိထားတဲ့ Neuralink ကုမ္ပဏီဟာ တန်ဖိုးအားဖြင့် ဒေါ်လာ ၉ ဘီလီယံအထိ ရှိလာခဲ့ပြီး မကြာခင်မှာ စက်ရုပ်တွေနဲ့ပဲ အလိုအလျောက် ခွဲစိတ်ကုသပေးနိုင်တော့မယ့် အနာဂတ်ဆီ ဦးတည်နေတာ ဖြစ်ပါတယ်။
Ref : Fossbytes