အမေရိကန်က ဆန်ဟိုဆေးလေဆိပ်မှာ Waymo မောင်းသူမဲ့တက္ကစီ (Robotaxi) တစ်စီးဟာ ခရီးသည်ကို လေဆိပ်ပို့ပေးပြီးနောက်မှာတော့ ခရီးသည်ရဲ့အိတ်ကိုပါ “မေတ္တာလက်ဆောင်” အဖြစ် သိမ်းပြီး မောင်းထွက်ပြေးသွားတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။
ခရီးသည် ဒီဂျင် ကတော့ လေဆိပ်ရောက်လို့ ကားနောက်ဖုံးဖွင့်ဖို့ ခလုတ်ကို အသည်းအသန်နှိပ်ခဲ့ပေမဲ့ Robotaxi ကြီးကတော့ “ငါ့အလုပ် ငါပြီးပြီ” ဆိုတဲ့အတိုင်း ဘာမှဂရုမစိုက်ဘဲ အိတ်ကြီးတင်ပြီး ဇွတ်မောင်းထွက်သွားတာပါ။ “ကျွန်တော် ခလုတ်နှိပ်ပေမဲ့ သူက ဘာမှမထူးခြားဘဲ ချက်ချင်းကြီး မောင်းထွက်သွားတာဗျ” လို့ ဒီဂျင်က စိတ်ပျက်လက်ပျက်နဲ့ ပြောပါတယ်။

ပိုဆိုးတာက Waymo ကုမ္ပဏီကို ဖုန်းဆက်တဲ့အခါမှာတော့ “ကားက ဂိုဒေါင်ကို ပြန်နေပြီမို့လို့ လှည့်လာပေးလို့ မရတော့ဘူး” လို့ အကြောင်းပြန်ခဲ့တာကြောင့် ခရီးသည်ခမျာ အိတ်မပါဘဲ လေယာဉ်တက်ခဲ့ရပါတယ်။ “ဒါကြီးက သုံးရတာ အဆင်ကိုမပြေတာ၊ ကျွန်တော့်အမှားမဟုတ်ဘဲ သူ့စနစ်က ကြောင်သွားတာ” လို့ သူက ထပ်ပြောပါတယ်။
Waymo ဘက်ကတော့ “ခင်ဗျားအိတ်ကတော့ တို့ဆီမှာ ဘေးကင်းပါတယ်၊ ဒါပေမဲ့ မပို့ပေးနိုင်ဘူးနော်၊ လာယူရင်ယူ မယူရင် ပို့ခပေး” ဆိုပြီး ခပ်တည်တည်ပဲ တုံ့ပြန်ခဲ့တာကြောင့် ဒီဂျင်တစ်ယောက် အတော်လေး အူကြောင်ကြောင် ဖြစ်သွားခဲ့ရပါတယ်။
Ref : Fossbytes