ကုန်းမြေပေါ်က ဒေတာစင်တာတွေဟာ လျှပ်စစ်နဲ့ ရေချိုတွေကို ဘီလီယံနဲ့ချီပြီး သုံးစွဲနေလို့ သဘာဝပတ်ဝန်းကျင်အတွက် ခေါင်းခဲစရာ ဖြစ်လာနေချိန်မှာ အမေရိကန် Startup တစ်ခုဖြစ်တဲ့ Panthalassa ကတော့ အဲဒီပြဿနာကို ဖြေရှင်းနေပါတယ်။ အဲဒီအရာကတော့ ပင်လယ်လှိုင်းတွေရဲ့ အရှိန်ကိုသုံးပြီး စွမ်းအင်ကိုယ်တိုင်ထုတ်လုပ်မယ့် ရေပေါ် AI ဒေတာစင်တာတွေပဲဖြစ်ပါတယ်။ ဒီပလတ်ဖောင်းတွေဟာ သမုဒ္ဒရာလှိုင်းတွေရဲ့ အတက်အကျလှုပ်ရှားမှုကနေ လျှပ်စစ်ဓာတ်အားကို တိုက်ရိုက်ထုတ်လုပ်မှာဖြစ်ပြီး ပတ်ပတ်လည်က ပင်လယ်ရေကို သဘာဝအတိုင်း အသုံးပြုပြီး ဆာဗာတွေကို အအေးခံသွားမှာပါ။ AI ရဲ့ ကြီးမားလှတဲ့ တွက်ချက်မှုလုပ်ငန်းစဉ်တွေကိုလည်း ပင်လယ်ပြင်ထဲက ဒီပလတ်ဖောင်းပေါ်မှာတင် ချက်ချင်းလုပ်ဆောင်ပြီး ရလဒ်တွေကိုတော့ ဂြိုဟ်တုကတစ်ဆင့် ကမ္ဘာ့ဆီ ပြန်လည်ပေးပို့သွားမှာဖြစ်ပါတယ်။

ဒီလိုဆန်းသစ်တဲ့ နည်းပညာဟာ စက္ကူပေါ်က စိတ်ကူးသက်သက်တင် မဟုတ်တော့ပါဘူး။ ကုမ္ပဏီဟာ နမူနာပုံစံငယ်တွေကို အောင်အောင်မြင်မြင် တည်ဆောက်စမ်းသပ်ပြီးစီးခဲ့ပြီဖြစ်ပြီး သမုဒ္ဒရာထဲမှာ အကြီးစားထုတ်လုပ်မှုတွေနဲ့ စတင်အသုံးပြုနိုင်ဖို့အတွက် ၂၀၂၆ ခုနှစ်မှာ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၄၀ သန်းအထိ ရရှိထားပါတယ်။ လက်ရှိမှာ အကြီးစားစီးပွားဖြစ် လုပ်ငန်းလည်ပတ်မှုတွေ မစတင်ရသေးပေမဲ့ ကမ္ဘာ့ပထမဆုံး ရှေ့ပြေးစီမံကိန်းတွေကိုတော့ ရဲရဲဝံ့ဝံ့ စတင်အကောင်အထည်ဖော်နေပြီဖြစ်ပါတယ်။

အပြာရောင်သမုဒ္ဒရာထဲမှာ လွင့်မျောနေမယ့် ဒီဒေတာစင်တာတစ်ခုချင်းစီဟာ အလျား ၈၅ မီတာခန့်ရှိတဲ့ သံမဏိဒီဇိုင်းဖြစ်ပြီး ရေအောက်နက်ရှိုင်းတဲ့အထိ ရှည်လျားတဲ့ ဒေါင်လိုက်ပြွန်ကြီးတစ်ခု ပါဝင်တဲ့ မျောတုံးပုံစံမျိုး ဒီဇိုင်းထုတ်ထားတာပါ။ ပိုပြီးလန်းတာကတော့ ဒီပလတ်ဖောင်းတွေဟာ သူတို့အလိုအလျောက် ရွေ့လျားမောင်းနှင်နိုင်တဲ့အပြင် ပင်လယ်ပြင်ထဲမှာ ရေရှည်ခံပြီး စိတ်ချရစေဖို့ ပျက်စီးလွယ်တဲ့ ရွေ့လျားအစိတ်အပိုင်းတွေကို အနည်းငယ်သာ ထည့်သွင်းတည်ဆောက်ထားတာပဲဖြစ်ပါတယ်။ ဒီဆန်းသစ်မှုဟာ နေ့ညမပြတ် ရေလှိုင်းတွေဆီကရမယ့် စွမ်းအင်နဲ့ သဘာဝပင်လယ်ရေကိုပဲ အသုံးချမှာဖြစ်လို့ AI ရဲ့ လျှပ်စစ်ငတ်မွတ်မှုကို ဖြေရှင်းပေးနိုင်မယ့်အပြင် ကုန်းပေါ်က လျှပ်စစ်ဓာတ်အားလိုင်းတွေနဲ့ အဖိုးတန်ရေချိုအရင်းအမြစ်တွေအပေါ် မှီခိုနေရမှုကိုပါ အပြီးတိုင် လျှော့ချပေးနိုင်တော့မှာဖြစ်ပါတယ်။
Ref : Technology Innovation