အမေရိကန် အမှတ်တရ ချစ်ပ် (RAM) ထုတ်လုပ်သူ Micron ကြောင့် Apple Device တွေရဲ့ ဈေးနှုန်းကို သိသိသာသာ တိုးမြှင့်ခဲ့ရတာဖြစ်တယ်လို့ Apple ကုမ္ပဏီရဲ့ အကြီးအကဲ Tim Cook က ပြစ်တင်ပြောဆိုလိုက်ပါတယ်။
ဝယ်လိုအားတွေ မြင့်တက်လာချိန်မှာ ချစ်ပ်ထုတ်လုပ်မှု စွမ်းရည် လျော့ကျသွားခဲ့တာကို အခွင့်ကောင်းယူပြီး Micron အပါအဝင် ထုတ်လုပ်သူတွေက ဈေးနှုန်းတွေကို တင်ခဲ့တာကြောင့် Apple အနေနဲ့ ကုန်ကျစရိတ် ဒဏ်ကို ခံခဲ့ရတာလို့ Wall Street Journal နဲ့ အင်တာဗျူးမှာ စွပ်စွဲထားတာပါ။

ဒါပေမဲ့ ဒီစွပ်စွဲချက်အပေါ် Micron ရဲ့ စီးပွားရေးဆိုင်ရာ အရာရှိချုပ် Sumit Sadana က ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် ဈေးကွက် ကျဆင်းချိန်တုန်းက Apple လို အဓိက အဝယ်တော်ကြီးတွေက ချစ်ပ်ဈေးနှုန်းတွေကို အလွန်အမင်း နှိမ်ချ ဝယ်ယူခဲ့ကြတာကြောင့် ထုတ်လုပ်သူတွေမှာ အမြတ်ငွေ နည်းပါးခဲ့ပြီး စက်ရုံအသစ်တွေ တည်ဆောက်ဖို့ သို့မဟုတ် ထုတ်လုပ်မှု စွမ်းရည် တိုးမြှင့်ဖို့ ဘဏ္ဍာငွေ မရှိတော့တာလို့ ပြန်လည် ရှင်းလင်းခဲ့ပါတယ်။
အဲဒီလို အခြေအနေတွေကြောင့် အခုလို စားသုံးသူ ဝယ်လိုအား ပြန်လည် မြင့်တက်လာချိန်မှာ ထုတ်လုပ်မှု မမီတော့ဘဲ ဖြစ်ရတာလို့ အချက်အလက်နဲ့တကွ ထောက်ပြထားပါတယ်။
လက်ရှိ လေ့လာဆန်းစစ်ချက်တွေအရ ချစ်ပ်ဈေးနှုန်းတွေဟာ လေးဆအထိ မြင့်တက်သွားခဲ့ပြီး ၂၀၂၆ ခုနှစ် တတိယ သုံးလပတ် အကုန်မှာ နောက်ထပ် ၅၈ ရာခိုင်နှုန်းကနေ ၆၃ ရာခိုင်နှုန်းအထိ ထပ်မံ မြင့်တက်လာမယ့် အနေအထားမှာ ရှိနေပါတယ်။
ဒါကြောင့် မိုဘိုင်းလ်ဖုန်း အပါအဝင် ကွန်ပျူတာ ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေဟာလည်း ယခုနှစ်အတွင်း သိသိသာသာ ဆက်လက် မြင့်တက်သွားမယ်လို့ ဈေးကွက် လေ့လာစောင့်ကြည့်သူတွေက ခန့်မှန်းထားကြပါတယ်။
Ref: bangkokpost