AI နည်းပညာ မခေတ်စားမီက ထုတ်ဝေခဲ့တဲ့ စာအုပ်အဟောင်းတွေကို AI မော်ဒယ်တွေအတွက် အရည်အသွေးမြင့် ဒေတာအဖြစ် အသုံးပြုဖို့ AI ကုမ္ပဏီတွေနဲ့ ဒေတာရောင်းသူတွေက အလုအယှက် လိုက်လံဝယ်ယူနေကြပါတယ်။ ပညာရှင်တွေ စနစ်တကျ တည်းဖြတ်ထားတဲ့ စာအုပ်အဟောင်းတွေဟာ အင်တာနက်ပေါ်က ရှုပ်ထွေးလှတဲ့ စာသားတွေထက်စာရင် AI ကို သင်ကြားပေးဖို့ ပိုမိုသန့်ရှင်းပြီး ယုံကြည်စိတ်ချရတာကြောင့်ပါ။ ဒါကြောင့် ကုမ္ပဏီတွေဟာ ဒီစာအုပ်တွေကို ဒစ်ဂျစ်တယ် စာသားတွေအဖြစ် ပြောင်းလဲဖို့ နည်းလမ်းမျိုးစုံ သုံးလာကြပါတယ်။

ဒီလို ဒစ်ဂျစ်တယ်အဖြစ် အမြန်ဆုံး ပြောင်းနိုင်ဖို့အတွက် မြန်နှုန်းမြင့် စကန်နာတွေထဲ ထည့်ရာမှာ စာအုပ်ရဲ့ ချုပ်ရိုးတွေကို လှီးဖြတ်လိုက်ရတာကြောင့် မူရင်းစာအုပ်တွေပါ ပျက်စီးသွားရပါတယ်။ ဒါဟာ ရှားပါးစာအုပ်တွေ ပါဝင်နေတာမို့ စာအုပ်စုဆောင်းသူတွေနဲ့ ထိန်းသိမ်းရေးအဖွဲ့တွေကြား စိုးရိမ်မှုတွေ မြင့်တက်နေသလို စာရေးဆရာတွေနဲ့ ထုတ်ဝေသူတွေကြားမှာလည်း မူပိုင်ခွင့်နဲ့ ကျင့်ဝတ်ဆိုင်ရာ ငြင်းခုံမှုတွေ ပြင်းထန်နေတာပါ။

ဒီလုပ်ငန်းတွေမှာ ISBNdb လို စာအုပ်ဒေတာ ဖြန့်ဖြူးသူတွေ ပါဝင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ ဘယ် AI ကုမ္ပဏီကြီးကမှတော့ ဒီစာအုပ်တွေကို တိုက်ရိုက် ဝယ်ယူနေတယ်လို့ ပေါ်ပေါ်ထင်ထင် အတည်ပြုထားတာ မရှိသေးပါဘူး။
Ref : Technology Innovation