တရုတ်နိုင်ငံအခြေစိုက် Unitree Robotics ကုမ္ပဏီရဲ့ အသက် ၃၆ နှစ်အရွယ် တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ် Wang Xingxing ဟာ ကုမ္ပဏီကို ရှန်ဟိုင်းစတော့အိတ်ချိန်းမှာ ရှယ်ယာစတင်ရောင်းချဖို့ ပြင်ဆင်နေချိန်မှာပဲ တရုတ်နိုင်ငံရဲ့ ပထမဆုံး လူတူစက်ရုပ်လုပ်ငန်း ဘီလီယံနာတစ်ဦး ဖြစ်လာပါတယ်။ သူရဲ့ ပိုင်ဆိုင်မှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၂.၄ ဘီလီယံအထိ ရှိလာပြီး၊ ကုမ္ပဏီအနေနဲ့ ဒီရှယ်ယာရောင်းချမှုကနေ အမေရိကန်ဒေါ်လာ ၉၀၄ သန်း ရန်ပုံငွေရှာဖွေဖို့ ရည်ရွယ်ထားပါတယ်။
၂၀၁၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ အဲဒီကုမ္ပဏီဟာ စက်ရုပ်ခွေးတွေနဲ့ လူတူစက်ရုပ်တွေကို ထုတ်လုပ်နေတာဖြစ်ပြီး မကြာသေးမီက အမေရိကန်ဒေါ်လာ ၆၅၀,၀၀၀ တန်ဖိုးရှိတဲ့ ၃ မီတာအမြင့်ရှိ လူစီးနင်းနိုင်တဲ့ GD01 စက်ရုပ်ကို မိတ်ဆက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာတစ်ဝန်းကို လူတူစက်ရုပ် ၅,၅၁၁ ရုပ် တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဝင်ငွေ ၃၀၀ ရာခိုင်နှုန်းကျော် တိုးတက်လာတဲ့အထိ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။

ဒါပေမဲ့လည်း ကုမ္ပဏီရှေ့ဆက်သွားမယ့် လမ်းခရီးမှာ စိန်ခေါ်မှုတွေ ရှိနေပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေးအကြောင်းပြချက်နဲ့ တရုတ်စက်ရုပ်အသစ်တွေ တင်သွင်းမှုပိတ်ပင်ခံရတဲ့ အခက်အခဲတွေအပြင်၊ ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းအထိ တရုတ်နိုင်ငံတွင်းမှာ လူတူစက်ရုပ်ထုတ်လုပ်တဲ့ ပြိုင်ဘက်ကုမ္ပဏီပေါင်း ၂၀၀ ကျော်အထိ ရှိလာတဲ့အတွက် ပြင်းထန်တဲ့ စျေးကွက်ယှဉ်ပြိုင်မှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။
Ref : Forbes
