စတန်းဖို့ဒ်တက္ကသိုလ်နဲ့ Arc အင်စတီကျုက သိပ္ပံပညာရှင်တွေဟာ ဉာဏ်ရည်တု (AI) နည်းပညာကို အသုံးပြုပြီး သဘာဝမှာမရှိသေးတဲ့ ဗိုင်းရပ်စ်အသစ်တွေကို ဓာတ်ခွဲခန်းမှာ အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပါတယ်။ လူတွေကို အန္တရာယ်မပေးဘဲ ဘက်တီးရီးယားတွေကိုသာ သတ်နိုင်တဲ့ အဲဒီဗိုင်းရပ်စ်တွေကို Evo 1 နဲ့ Evo 2 ဆိုတဲ့ AI မော်ဒယ်တွေ အသုံးပြုပြီး တီထွင်ခဲ့တာ ဖြစ်ပါတယ်။
![]()
သုတေသီတွေဟာ အီးကိုလိုင် (E. coli) ဘက်တီးရီးယားကို တိုက်ခိုက်နိုင်တဲ့ ΦX174 ဗိုင်းရပ်စ်ရဲ့ ပုံစံသစ်တွေကို ဖန်တီးခဲ့တာပါ။ AI က ထုတ်ပေးလိုက်တဲ့ ဗိုင်းရပ်စ်မျိုးဗီဇ ၂၈၅ မျိုးကို စမ်းသပ်ခဲ့ရာမှာ ၁၆ မျိုးဟာ ဘက်တီးရီးယားတွေကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့ပါတယ်။ ပိုပြီး စိတ်ဝင်စားစရာကောင်းတာက အဲဒီဗိုင်းရပ်စ်တွေဟာ သဘာဝဗိုင်းရပ်စ်တွေထက်တောင် ပိုပြီး စွမ်းဆောင်ရည် ကောင်းမွန်နေတာကို တွေ့ရပါတယ်။

အခုလို AI နဲ့ ဖန်တီးထားတဲ့ ဗိုင်းရပ်စ်တွေ ပေါင်းစပ်လိုက်တဲ့အခါ ဆေးယဉ်ပါးနေတဲ့ အီးကိုလိုင် ဘက်တီးရီးယားတွေကိုပါ ထိထိရောက်ရောက် နှိမ်နင်းနိုင်တာကို တွေ့ရှိခဲ့ရပါတယ်။ ဒီနည်းပညာဟာ ပဋိဇီဝဆေးတွေနဲ့ ကုသဖို့ခက်ခဲနေတဲ့ ရောဂါတွေအတွက် အနာဂတ်မှာ မျှော်လင့်ချက်ရောင်ခြည်တစ်ခု ဖြစ်လာနိုင်ပေမယ့် လက်ရှိအချိန်မှာတော့ ဓာတ်ခွဲခန်းအဆင့် စမ်းသပ်မှုသာ ဖြစ်သေးတယ်လို့ သုတေသီတွေက ဆိုပါတယ်။
Ref : Technology Innovation