ဒေါ်နယ်ထရမ့် ရေးသားလိုက်တဲ့ စာတစ်ကြောင်းနဲ့တင် ကမ္ဘာ့စတော့ဈေးကွက်၊ ခရစ်ပတိုနဲ့ ကုန်သွယ်ရေး မူဝါဒတွေ ချက်ချင်း ပြောင်းလဲသွားပြီး ဒေါ်လာ တရီလီယံပေါင်းများစွာ ရိုက်ခတ်သွားနိုင်တဲ့အထိ သူ့ရဲ့ ပို့စ်တွေက ကမ္ဘာ့ဘဏ္ဍာရေးလောကအပေါ် သြဇာသက်ရောက်မှု ကြီးမားလှပါတယ်။ အဲဒီလို ဈေးကွက်ကို လှုပ်ခတ်နိုင်စွမ်းရှိတဲ့ ထရမ့်ရဲ့ Truth Social ပို့စ်တွေကို အခြားသူတွေထက် စက္ကန့်ပိုင်း စောပြီး ဖတ်ရှုနိုင်မယ့် Truth API ဝန်ဆောင်မှုအသစ်အတွက်   ကုမ္ပဏီက ဘဏ္ဍာရေး အဖွဲ့အစည်းတွေဆီကနေ တစ်နှစ်ကို ဒေါ်လာ ၁ ဒသမ ၂ သန်းအထိ ကောက်ခံနေပါတယ်။ ဩဂုတ်လ ၁ ရက်နေ့မှာ စတင်ခဲ့တဲ့ အဲဒီ ဝန်ဆောင်မှုကို လက်ရှိမှာ ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်း ၁၀ ခုကျော်က တရားဝင် ရယူထားပြီး ဖြစ်ပါတယ်။ တစ်လကို ဒေါ်လာ ၁ သိန်းအထိပေးနေရတာပါ။

အလိုအလျောက် စနစ်နဲ့ အရောင်းအဝယ်လုပ်တဲ့ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတွေအတွက်တော့ ဒီသတင်းအချက်အလက်တွေကို အခြားသူတွေထက် စက္ကန့်ပိုင်း မက စောပြီး ရရှိတာဟာ သန်းနဲ့ချီတဲ့ အမြတ်အစွန်းတွေကို ဖန်တီးပေးနိုင်ပါတယ်။ အဆင့်မြင့် ကွန်ပျူတာ စနစ်တွေက ထရမ့်ရဲ့ စာရေးသားချက်တွေကို စက္ကန့်ပိုင်းအတွင်း သုံးသပ်ပြီး စတော့ဈေးကွက် ဒါမှမဟုတ် ငွေကြေးဈေးကွက်မှာ ချက်ချင်း အရောင်းအဝယ် ပြုလုပ်နိုင်တာကြောင့် စာနယ်ဇင်းတွေနဲ့ သာမန် ရင်းနှီးမြှုပ်နှံသူတွေ မသိရသေးမီ စက္ကန့်ပိုင်း စောပြီး ရရှိတာဟာ အလွန် အဖိုးတန်တဲ့ အခွင့်အလမ်း ဖြစ်လာပါတယ်။

Trump Media sinks to £176 million loss and refocuses efforts on Truth Social

ဒါပေမဲ့ ဒီလုပ်ရပ်အပေါ် နိုင်ငံရေးနဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန် ထွက်ပေါ်နေပါတယ်။ သမ္မတရဲ့ စကားတွေကို အခြေခံပြီး မြန်ဆန်တဲ့ သတင်းအချက်အလက်ကို ငွေကြေးနဲ့ လဲလှယ် ရောင်းချနေတာဟာ သာမန် ရင်းနှီးမြှုပ်နှံသူတွေအတွက် မတရားဘူးလို့ ထောက်ပြနေကြတာပါ။ ဒါပေမဲ့ ဒုတိယသုံးလပတ်မှာ ဒေါ်လာ ၂၃၈ သန်းအထိ အရှုံးပေါ်ခဲ့တဲ့ Trump Media အတွက်တော့ အခု ဝန်ဆောင်မှုဟာ ကုမ္ပဏီကို ပြန်လည် ဦးမော့လာစေမယ့် ဝင်ငွေလမ်းကြောင်းသစ် တစ်ခု ဖြစ်လာနေပါတယ်။

Ref : financefeeds