Meta ကုမ္ပဏီက အိုင်ယာလန်နိုင်ငံက အမြင်အာရုံချို့တဲ့သူတွေနဲ့ မျက်မမြင်တွေအတွက် Ray-Ban Meta မျက်မှန် ၁၅,၀၀၀ ကို Vision Ireland ပရဟိတအဖွဲ့ကနေတစ်ဆင့် အခမဲ့ ပေးဝေသွားမှာ ဖြစ်ပါတယ်။ အဲဒီ အရေအတွက်က ပရဟိတအဖွဲ့က ကူညီထောက်ပံ့ပေးနေတဲ့ အရွယ်ရောက်ပြီးသူတိုင်းအတွက် လုံလောက်တဲ့ ပမာဏဖြစ်ပြီး စိတ်ဝင်စားသူတွေအနေနဲ့ အဖွဲ့ရဲ့ ဝက်ဘ်ဆိုက်မှာ စာရင်းပေးသွင်းနိုင်ပါတယ်။

ဒီ AI မျက်မှန်တွေက အမြင်အာရုံချို့တဲ့သူတွေအတွက် စာဖတ်ပြတာ၊ ပတ်ဝန်းကျင်ကို ဖော်ပြပေးတာနဲ့ မက်ဆေ့ချ်ပို့တာတွေ လုပ်ပေးနိုင်လို့ အများကြီး အထောက်အကူဖြစ်စေပါတယ်။ Be My Eyes ကွန်ရက်နဲ့ ချိတ်ဆက်ထားတဲ့အတွက် လုပ်အားပေးသူတွေနဲ့ အလွယ်တကူ ဆက်သွယ်ပြီး နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ အကူအညီရယူနိုင်မှာ ဖြစ်ပါတယ်။
အဲဒီ မျက်မှန်တွေက မှတ်တမ်းတင်နေတဲ့ LED မီးတွေကို ပိတ်ပြီး တခြားသူတွေကို ခွင့်ပြုချက်မပါဘဲ ခိုးရိုက်နိုင်တဲ့အတွက် Meta အနေနဲ့ ဝေဖန်မှုတွေ အများကြီး ကြုံတွေ့နေရပါတယ်။ ဒါ့အပြင် Meta AI အက်ပ်မှာ မျက်နှာမှတ်မိနိုင်တဲ့ နည်းပညာကို ထည့်သွင်းဖို့ ကြိုးစားနေတဲ့ အထောက်အထားတွေကိုလည်း မကြာသေးခင်က တွေ့ရှိခဲ့ရပါတယ်။
Ref : Engadget