AI နည်းပညာတွေ ကမ္ဘာကြီးကို လွှမ်းမိုးနေတဲ့ ဒီခေတ်ကြီးမှာ တချို့လူတွေကတော့ အတိတ်ကို ပြန်သွားချင်နေကြပါတယ်။ သူတို့ကတော့ ရှေးဟောင်းကွန်ပျူတာတွေကို ရူးရူးမူးမူး စုဆောင်းပြုပြင်နေကြတဲ့ ဝါသနာရှင်တွေပဲ ဖြစ်ပါတယ်။ ဆော့ဖ်ဝဲလ် အင်ဂျင်နီယာ Josh Dersch ဆိုရင် သူ့အိမ်မှာ ရှေးဟောင်းစက်ပစ္စည်းပေါင်း ၂၀၀ ကျော်တောင် စုဆောင်းထားပြီး ဒီနေ့ခေတ် စမတ်ဖုန်းတွေရဲ့ အဘိုးအဘွားတွေကို အသက်ပြန်သွင်းရတာကို အရသာတွေ့နေသူပါ။

ဒီလို ခေတ်ဟောင်းကို တမ်းတတဲ့ ရေစီးကြောင်းက ဆီလီကွန်တောင်ကြားမှာပါ ပဲ့တင်ထပ်နေပါတယ်။ မကြာသေးခင်က ကျင်းပခဲ့တဲ့ Vintage Computer Festival ကို လူပေါင်း ၃၅၀၀ ကျော် လာရောက်ခဲ့ကြပြီး Apple ရဲ့ အနှစ် ၅၀ ပြည့် မွေးနေ့ကိုပါ ခမ်းခမ်းနားနား ကျင်းပခဲ့ကြပါတယ်။ အခုဆိုရင် အဲဒီလို ပွဲမျိုးတွေကို အမေရိကတိုက်နဲ့ ဥရောပ နိုင်ငံတွေအထိတောင် ကျယ်ကျယ်ပြန့်ပြန့် ကျင်းပလာကြပါပြီ။

ပွဲလာပရိသတ်တွေအတွက် အကြိုက်တွေ့စရာ အကောင်းဆုံးကတော့ ခေတ်သစ်ကွန်ပျူတာတွေရဲ့ ဖခင်ကြီးလို့ တင်စားကြတဲ့ Xerox Alto လို သမိုင်းဝင် စက်ယန္တရားကြီးတွေ အလုပ်လုပ်နေတာကို ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။ ပွဲစီစဉ်သူတွေဖြစ်တဲ့ Erik Klein နဲ့ Sellam Ismail တို့ကတော့ သူတို့ရဲ့ ရည်ရွယ်ချက်ဟာ ဒစ်ဂျစ်တယ် တော်လှန်ရေးရဲ့ သမိုင်းကြောင်းကို မပျောက်ပျက်အောင် ထိန်းသိမ်းဖို့ဖြစ်ပြီး ဒီလို ရှေးဟောင်းနည်းပညာကို မြတ်နိုးတဲ့ အသိုက်အဝန်းဟာ နောင်လာမယ့် နှစ်တွေမှာလည်း ပိုမို ကြီးထွားလာဦးမယ်လို့ ယုံကြည်နေကြပါတယ်။
Ref : Nypost