နယူးယောက်မြို့ရဲ့ အစိုးရကျောင်းတွေမှာ ၈ တန်းအထိ ကျောင်းသားတွေအတွက် ဉာဏ်ရည်တု (AI) အသုံးပြုခွင့်ကို ပိတ်ပင်သွားမှာဖြစ်ပါတယ်။ ကလေးတွေရဲ့ စိတ်ကျန်းမာရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးမှုနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေအပေါ် မိဘတွေနဲ့ ဆရာ၊ ဆရာမတွေရဲ့ စိုးရိမ်မှုတွေကြောင့် အခုလို ဆုံးဖြတ်လိုက်တာဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ အကူအညီပေးတဲ့ AI chatbot တွေကိုလည်း တားမြစ်သွားမှာ ဖြစ်ပါတယ်။

အမေရိကန် ပညာရေးစနစ်မှာ နဝမတန်းကနေ စတင်တဲ့ အထက်တန်းအဆင့်မှာတော့ AI နည်းပညာအကြောင်း လေ့လာဖို့လိုမျိုး သတ်မှတ်ထားတဲ့ ကိစ္စရပ်တွေအတွက်ပဲ ကန့်သတ် အသုံးပြုခွင့် ပေးသွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဆရာ၊ ဆရာမတွေ အနေနဲ့တော့ သင်ခန်းစာတွေ ပြင်ဆင်တာနဲ့ စာရေးသားတာတွေအတွက် AI ကို ဆက်လက် အသုံးပြုခွင့် ရရှိမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လက ထုတ်ပြန်ခဲ့တဲ့ AI သုံးစွဲမှု မူဘောင်ဟာ အရမ်းပေါ့လျော့တယ်ဆိုပြီး ဝေဖန်ခံခဲ့ရတဲ့အတွက် အခုလို စည်းမျဉ်းသစ်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ရှေ့ဆက်ပြီး နယူးယောက်မြို့ရဲ့ ကျောင်းတွေမှာ AI သုံးစွဲမှု မူဝါဒကို သေချာချမှတ်နိုင်ဖို့ ဆရာ၊ ဆရာမတွေ၊ ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ လုပ်ငန်းအဖွဲ့တစ်ခုကို တည်ထောင်သွားမှာဖြစ်ပြီး လာမယ့် ဧပြီလမှာ အစီရင်ခံစာတစ်ရပ် ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။
Ref : Bangkokpost