ဇီဝနည်းပညာနဲ့ အသက်ပြန်ငယ်အောင် လုပ်ဆောင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင် ဘရိုင်ယန်ဂျွန်ဆင် (Bryan Johnson) ကတော့ ဖန်ပြားသေးသေးလေးထဲမှာ သူ့ရဲ့ ပုံစံတူ “Baby Bryan” လို့ နာမည်ပေးထားတဲ့ ဆဲလ်အသစ်ကို တီထွင်လိုက်နိုင်ပြီလို့ ကြေညာလိုက်ပါတယ်။ ဒီစမ်းသပ်မှုဟာ သူ့ရဲ့ သွေးနမူနာကနေ ဆဲလ်တွေကို ရယူပြီး Yamanaka factors နည်းပညာနဲ့ ခန္ဓာကိုယ်ရဲ့ ဘာမဆို ဖြစ်လာနိုင်တဲ့ သီးသန့် စတမ်ဆဲလ် (Stem Cells) တွေအဖြစ် အသွင်ပြောင်းလိုက်တာပါ။ ဒီ “Baby Bryan” ကနေတစ်ဆင့် အနာဂတ်မှာ ကုသမှုအသစ်တွေကို စမ်းသပ်တာ၊ အစားထိုးဖို့ အင်္ဂါအစိတ်အပိုင်းတွေ မွေးမြူတာနဲ့ ကလေးငယ်ဆဲလ်တွေကို ခန္ဓာကိုယ်ထဲ ပြန်ထိုးသွင်းပြီး အသက်ပြန်ငယ်အောင် လုပ်ဆောင်နိုင်မယ်လို့ သူက ဆိုပါတယ်။
ဒါတင်မကသေးဘဲ ဒီနည်းပညာဟာ ပျက်စီးသွားတဲ့ အင်္ဂါတွေကို ပြန်လည်ပြုပြင်ပေးနိုင်သလို အမြင်အာရုံနဲ့ အကြားအာရုံတွေကိုပါ ပြန်လည်ကောင်းမွန်လာအောင် သူ့ရဲ့ ကိုယ်ပိုင်ဆဲလ်တွေနဲ့တင် ပြန်ဆောက်ပေးနိုင်မှာပါ။ မိမိကိုယ်ပိုင် ခန္ဓာကိုယ်ဆဲလ်တွေ ဖြစ်တာကြောင့် ကိုယ်ခံအားစနစ်က ငြင်းပယ်မယ့် အန္တရာယ်လည်း မရှိသလောက် နည်းပါးပါတယ်။ လက်ရှိမှာလည်း အလားတူ စတမ်ဆဲလ် နည်းပညာတွေကို ပါကင်ဆန်ရောဂါ၊ နှလုံးရောဂါနဲ့ အမြင်အာရုံကွယ်တာတွေကို ကုသဖို့အတွက် ဆေးဝါးစမ်းသပ်မှုတွေ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း လူနာတွေအတွက် အပြည့်အဝ အလုပ်လုပ်နိုင်တဲ့ အစားထိုး အင်္ဂါတွေကို ဖန်တီးပေးနိုင်ဖို့ကတော့ စမ်းသပ်ဆဲ အဆင့်မှာပဲ ရှိသေးတာကြောင့် ပုံမှန် ဆေးဝါးကုသမှု တစ်ခုအဖြစ် သုံးစွဲဖို့တော့ လိုပါသေးတယ်။
Ref : Technology Innovation