အခုလိုမျိုး အလုပ်ကို အိမ်မှာပဲ လုပ်ကိုင်နေရတဲ့သူတွေအတွက် ကွန်ပျူတာတစ်လုံးက မဖြစ်မနေကို အရေးပါလာပြီဖြစ်ပါတယ်။ ဒီလိုမျိုး ကွန်ပျူတာလိုအပ်နေတဲ့သူတွေအတွက် Laptop Display ကလည်း ကြည့်ရတာသေးတဲ့အတွက် မျက်လုံးထိခိုက်မှာ စိုးရိမ်တယ်၊ Desktop ဆင်ဖို့ကလည်း နေရာရှုပ်မှာကို မကြိုက်တဲ့သူတွေအတွက် Lenovo ကနေ အဆင်ပြေပြီး စျေးနှုန်းသက်သာတဲ့ All-in-One (AIO) PC တစ်ခုကို စျေးကွက်ထဲမှာ ရောင်းချနေပါပြီ။

ဒါကတော့ Lenovo IdeaCentre A340 ပဲဖြစ်ပြီး လက်ရှိအချိန်မှာ စျေးနှုန်းအနေနဲ့ $499 ကနေစတင်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ အဆိုပါ $499 Version မှာဆိုရင် Intel Core i3-9100T ၊ RAM 4GB ၊ 1TB HDD နဲ့ DVD R/W တွေပါဝင်မှာဖြစ်ပြီး ပိုကောင်းတဲ့ Performance လိုချင်တယ်ဆိုရင်လည်း Intel Core i5-9400T ၊ RAM 4GB ၊ 1TB HDD အပြင် PCI-E SSD Support ပါဝင်တဲ့ Version ကိုလည်း $569 နဲ့ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

အရင်ဆုံး Design ပိုင်းကိုကြည့်မယ်ဆိုရင် Lenovo IdeaCentre A340 ဟာ All-in-One PC တစ်ခုဖြစ်နေပေမယ့် ပုံမှန် 22″ Monitor တစ်လုံးလောက်ပဲ အထူရှိနေတာဖြစ်ပါတယ်။ Port တွေကို အနောက်ဖက်မှာထားထားသလို အသုံးများတဲ့ USB ၊ SD Card Reader နဲ့ Headphone Jack တွေကို ဘေးဘက်မှာထည့်ပေးထားတာကလည်း သဘောကျဖို့ကောင်းပါတယ်။ အောက်ဖက်က Stand ကိုလည်း Design ဆန်းဆန်းပြုလုပ်ပေးထားတဲ့အတွက် အိမ်ရဲ့ အလုပ်စားပွဲပေါ်မှာ လှပနေမှာပါ။

နောက်ပြီး All-in-One PC တစ်ခုဖြစ်နေတဲ့အတွက် အားသာချက်တစ်ခုက Desktop PC တွေလိုမျိုး ကြိုးရှုပ်နေမှာမဟုတ်ပါဘူး။ Power Cable တစ်ခုပဲ လိုအပ်တဲ့အတွက် ကိုယ့်ရဲ့ အလုပ်စားပွဲကို ရှုပ်နေတာမကြိုက်တဲ့သူတွေအတွက်လည်း အဆင်ပြေစေဦးမှာပါ။ တခြား Cable တွေကိုလည်း Stand မှာ အလွယ်တွဲချည်ထားလို့ရတဲ့အတွက် မျက်စိရှင်းနေတာကတော့ အားသာနေမှာဖြစ်ပါတယ်။

Display ပိုင်းမှာလည်း 21.5″ Display က Full HD Resolution အပြည့်ရှိတဲ့အပြင် Brightness ကလည်း 250Nits အထိ Support ပြုလုပ်နိုင်ပါတယ်။ ဒါက အလုပ်လုပ်တဲ့အချိန်မှာ ရှင်းရှင်းလင်းလင်းမြင်ရမှာဖြစ်သလို ရုပ်ရှင်၊ YouTube Video တွေကြည့်တဲ့အချိန်မှာလည်း ကြီးမားတဲ့ Screen Size က ပိုပြီးအဆင်ပြေစေမှာဖြစ်ပါတယ်။ ဒီလိုမျိုး ကောင်းမွန်တဲ့ Display ပိုင်းကို Entertainment ပိုင်းအတွက်ကောင်းကောင်းအသုံးချလို့ရတာကလည်း Laptop တွေမှာတောင် ပါဝင်ခြင်းမရှိတော့တဲ့ DVD R/W Drive ကို ထည့်ပေးထားလို့ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ရုပ်ရှင်တွေကို Download ပြုလုပ်ပြီး ကြည့်နိုင်သလို ပုံမှန် DVD အခွေနဲ့လည်း ကြည့်နိုင်တာက Work from Home လုပ်နေရတဲ့သူတွေအတွက် စိတ်ကြိုက်ဖြစ်စေဦးမှာပါ။

Performance ပိုင်းမှာတော့ 9th Gen Intel Core i3 နဲ့ i5 Processor တွေဟာ ပုံမှန် ရုံးလုပ်ငန်းတွေနဲ့ Web Browsing တွေမှာတော့ ကောင်းကောင်း Handle လုပ်နိုင်မှာဖြစ်ပါတယ်။ Multitasking ပြုလုပ်မယ့်သူတွေအနေနဲ့လည်း RAM ကို 4GB ကနေ 8GB အထိ တိုးမြှင့်နိုင်မယ်လို့ သိရပါတယ်။ 1TB HDD က Data တွေအများအပြားသိုလှောင်ထားနိုင်သလို ပိုပြီးမြန်ဆန်ချင်တယ်ဆိုရင်လည်း Intel Core i5 Version မှာ SSD ကို ထပ်ပြီးထည့်သွင်းနိုင်ဦးမှာဖြစ်ပါတယ်။

ကျန်တဲ့သဘောကျဖို့ကောင်းတဲ့အချက်ကတော့ Webcam ကို ဖုံးထားနိုင်တဲ့ Privacy Shutter ပါဝင်တာဖြစ်ပါတယ်။ ဒါက Video Conferencing ပြုလုပ်နေရတဲ့ အခုလိုမျိုးအချိန်မှာ ပိုပြီးအသုံးဝင်တဲ့ Security Feature တစ်ခုပါ။ Keyboard နဲ့ Mouse ကလည်း Wireless ဖြစ်တဲ့အတွက် စားပွဲပေါ်မှာ ကြိုးတွေရှုပ်နေမှာကို စိတ်ပူစရာမလိုအပ်ပါဘူး။

ဘာပဲဖြစ်ဖြစ် Laptop တစ်လုံးအစား အလုပ်အတွက်ရော၊ Entertainment ပိုင်းမှာ ကောင်းကောင်းအသုံးပြုချင်တယ်ဆိုရင် ၆ သိန်းနဲ့ ၇ သိန်းဝန်းကျင်ပဲကျသင့်မယ့် ဒီ Lenovo IdeaCentre A340 AIO PC က သဘောကျဖို့ကောင်းတဲ့ ရွေးချယ်စရာတစ်ခုဖြစ်ပါတယ်။