ယူစီဆန်ဖရန်စစ္စကို (UCSF) က သိပ္ပံပညာရှင်တွေဟာ ကင်ဆာရောဂါ လုံးဝပျောက်ကင်းသွားပြီလို့ ထင်ရပြီးမှ နောက်တစ်ကြိမ် ပြန်ဖြစ်ရတဲ့ အဓိကတရားခံကို နှိမ်နင်းနိုင်ဖို့ “ကမ္ဘာ့ပထမဆုံး ဓာတ်ခွဲခန်းသုံး စက်ရုပ်စနစ်” တစ်ခုကို ဖန်တီးလိုက်ပါတယ်။
အဲဒီတရားခံတွေကတော့ ကုသမှုဒဏ်ကို ကြံ့ကြံ့ခံပြီး ရှင်သန်ကျန်ရစ်နေတဲ့ “persister” လို့ခေါ်တဲ့ ကင်ဆာဆဲလ်တွေပဲ ဖြစ်ပါတယ်။ သူတို့ဟာ ကင်ဆာဆဲလ် ၁,၀၀၀ မှာ ၁ ခုလောက်ပဲရှိလို့ ရှာရအလွန်ခက်ခဲတဲ့အပြင် ဖမ်းရခက်အောင် ၎င်းတို့ရဲ့ပုံစံကို ယာယီပြောင်းလဲနိုင်စွမ်းလည်း ရှိကြပါတယ်။
ဒီစိန်ခေါ်မှုကို ကျော်လွှားဖို့ သုတေသီတွေ တည်ဆောက်လိုက်တဲ့ အလိုအလျောက်မောင်းနှင်တဲ့ စက်ရုပ်စနစ်ဟာ ဓာတ်ခွဲခန်းထဲမှာ မွေးမြူထားတဲ့ ကင်ဆာကျိတ်အသေးစားလေး ထောင်ပေါင်းများစွာကို ဆေးဝါးစမ်းသပ်တဲ့နေရာ၊ ပုံရိပ်ဖော်စနစ်နဲ့ ဓာတ်ခွဲဆန်းစစ်တဲ့ နေရာတွေဆီ လူကိုယ်တိုင်လုပ်စရာမလိုဘဲ လျင်လျင်မြန်မြန် အလိုအလျောက် ရွှေ့ပြောင်းလုပ်ဆောင်ပေးနိုင်ပါတယ်။

ဒီစက်ရုပ်စနစ်ရဲ့ အကူအညီကြောင့် သိပ္ပံပညာရှင်တွေဟာ လူကိုယ်တိုင်လုပ်ရင် လနဲ့ချီကြာမယ့် လက်ရှိစမ်းသပ်ဆဲ ဆေးဝါးအမျိုးအစား ၉၄ ခုကို မျက်စိတစ်မှိတ်အတွင်း စစ်ဆေးနိုင်ခဲ့ပြီး အဲဒီထဲက ဇွဲကောင်းတဲ့ ကင်ဆာဆဲလ်တွေကို အမြစ်ပြတ်ချေမှုန်းနိုင်မယ့် ဆေး ၉ မျိုးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ဒါဟာ ရှင်သန်ရုန်းကန်နိုင်စွမ်းမြင့်မားတဲ့ အဲဒီဆဲလ်တွေမှာ တူညီတဲ့အားနည်းချက်တွေ ရှိနေတယ်ဆိုတာကို ဖော်ထုတ်ပေးလိုက်တာဖြစ်ပြီး နောင်တစ်ချိန်မှာ ကင်ဆာရောဂါပြန်မဖြစ်အောင် တားဆီးပေးမယ့် ကုထုံးအသစ်တွေ ဖော်စပ်ဖို့အတွက် အဖိုးတန်သဲလွန်စတွေကို ရရှိစေခဲ့ပါတယ်။

ဒီစိတ်လှုပ်ရှားစရာ သုတေသနကို Science Advances ဂျာနယ်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါဟာ ဓာတ်ခွဲခန်းတွင်း အစောပိုင်း သုတေသနအဆင့်သာ ရှိသေးတာကြောင့် လူနာတွေအတွက် တိုက်ရိုက်အသုံးပြုနိုင်တဲ့ ကုထုံးအသစ်တစ်ခုတော့ မဟုတ်သေးပါဘူး။
ဒီနည်းလမ်းကို ဆေးရုံတွေမှာ တကယ့်လူနာတွေနဲ့ လက်တွေ့အသုံးပြုပြီး ကင်ဆာရောဂါကို အမြစ်ပြတ်တိုက်ဖျက်နိုင်ဖို့ဆိုရင် နောက်ထပ် လေ့လာမှုတွေနဲ့ လူသားတွေနဲ့ စမ်းသပ်တဲ့ ဆေးဘက်ဆိုင်ရာစမ်းသပ်မှုတွေ အများကြီး ပြုလုပ်ဖို့ လိုအပ်ဦးမှာ ဖြစ်ပါတယ်။