စစ်သည်အင်အား နည်းပါးလာတဲ့ ပြဿနာကို နည်းပညာနဲ့ ကျော်လွှားဖို့ ကြိုးပမ်းနေတဲ့ တောင်ကိုရီးယား ရေတပ်ဟာ စစ်သင်္ဘော မောင်းနှင်ရေး တာဝန်တွေကို ထမ်းဆောင်နိုင်မယ့် AI စနစ်သုံး လူတူစက်ရုပ် PIBOT ကို အောင်မြင်စွာ စမ်းသပ်မောင်းနှင်ခဲ့ပါတယ်။ ချန်းဝမ်မြို့ရှိ ရေတပ်လေ့ကျင့်ရေးဌာနချုပ်မှာ ပုံရိပ်ယောင်စနစ် (Simulator) နဲ့ စမ်းသပ်ခဲ့တာဖြစ်ပြီး PIBOT ဟာ အသံနဲ့ပေးတဲ့ အမိန့်တွေကို တိတိကျကျ လိုက်နာတာ၊ ပြန်လည်အတည်ပြုတာအပြင် ရေကြောင်းကျဉ်းထဲ မောင်းနှင်တာ၊ လှိုင်းလေထန်ချိန်နဲ့ ညဘက်စစ်ဆင်ရေးစတဲ့ ခက်ခဲတဲ့ အခြေအနေတွေမှာပါ သင်္ဘောတက်မကို ကျွမ်းကျင်စွာ ထိန်းချုပ်ပြသွားခဲ့တာပါ။
KAIST သုတေသနပညာရှင်တွေက ၂၀၂၂ ခုနှစ်ကတည်းက စတင်တီထွင်ခဲ့တဲ့ ဒီ PIBOT စီမံကိန်းကို တောင်ကိုရီးယား ကာကွယ်ရေးဌာနအဖွဲ့အစည်းတွေ (ADD နဲ့ DAPA) က ဝမ် ၅ ဒသမ ၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ သန်းနီးပါး) ရင်းနှီးမြှုပ်နှံ ထောက်ပံ့ပေးထားတာ ဖြစ်ပါတယ်။ ရေတပ်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ အနာဂတ်မှာ လူနဲ့ စက်ရုပ် ပူးပေါင်းဆောင်ရွက်တဲ့အဖွဲ့တွေ ဖွဲ့စည်းပြီး တပ်ဖွဲ့ဝင်တွေရဲ့ လုပ်ငန်းဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးဖို့ပဲ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း PIBOT ဟာ စစ်သည်တွေရဲ့နေရာမှာ လုံးဝအစားထိုးဝင်ရောက်တာမျိုး မဟုတ်သလို လက်ရှိမှာလည်း တာဝန်ကျစစ်သင်္ဘောတွေပေါ် တိုက်ရိုက်တာဝန်ပေးထားတာ မရှိသေးပါဘူး။ အခုပြုလုပ်တဲ့ စမ်းသပ်မှုတွေဟာ အနာဂတ် ရေတပ်စစ်ဆင်ရေးတွေမှာ AI နဲ့ လူတူစက်ရုပ်တွေကို ဘယ်လိုအထိရောက်ဆုံး ကူညီအသုံးပြုနိုင်မလဲဆိုတာကို လေ့လာနေတဲ့ အဆင့်ပဲ ရှိသေးတာပါ။
Ref : Technology Innovation
