စွမ်းရည်မြင့် ဖုန်းတွေကို ရွှေ၊ ကျောက်မျက်ရတနာတွေနဲ့ အလှဆင် ရောင်းချတဲ့ Caviar က Samsung Galaxy S25 Ultra Collection ကို ကြေညာလိုက်ပါတယ်။ တရုတ် လူမျိုးတွေရဲ့ မြွေနှစ်ကို ဂုဏ်ပြုတဲ့ အနေနဲ့ ရောင်းချတာ ဖြစ်ပါတယ်။
“Lunar Year” Collection လို့ အမည်ပေးထားပြီး မြွေက ကိုယ့်အမြီးကို ပြန်ကိုက်နေတဲ့ Concept ကို သုံးထားပါတယ်။ အဆုံးအစ မရှိဘဲ ထာဝရ ရှင်သန်နေတဲ့ အဓိပ္ပါယ်ကို ဖော်ဆောင်ပါတယ်။ မြွေက ဉာဏ်ပညာ ကြွယ်ဝမှု၊ ပြန်လည် မွေးဖွားမှုနဲ့ ငွေကြေး ချမ်းသာမှုကို ကိုယ်စားပြုပါတယ်။
Collection မှာ Samsung Galaxy S25 Ultra Ouroboros မော်ဒယ် ပါဝင်ပြီး အနုပညာလက်ရာမြောက်စွာ ဖန်တီးထားပါတယ်။ ရွှေနဲ့ မြွေကို သွန်းလောင်း အလှဆင်ထားပြီး Titanium panel နဲ့ အနက်ရောင် PVD Coating ကို သုံးထားပါတယ်။
နောက်မော်ဒယ်တစ်လုံးက Dark Ouroboros ဖြစ်ပြီး Aerospace-grade Titanium နဲ့ ပြုလုပ်ထားတဲ့ အနက်ရောင် မြွေ ပါပါတယ်။ အနက်ရောင် PVD Coating ကို သုံးထားပါတယ်။ ၂၄ ကာရက် ရွှေနဲ့ အလှဆင်ထားတဲ့ Infinity မော်ဒယ်ကိုလည်း ရောင်းချပေးထားပါတယ်။
Samsung Galaxy S25 Ultra Ouroboros Collection မှာ 256GB Storage ပါတဲ့ အခြေခံ မော်ဒယ်ကို ၁၀,၄၉၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ 512GB နဲ့ 1TB Version တွေကို ၁၀,၈၄၀ ဒေါ်လာနဲ့ ၁၁,၂၀၀ ဒေါ်လာ အသီးသီး သတ်မှတ်ထားပါတယ်။
Ref : Gizmochina