ယူကေနိုင်ငံမှာ Samsung ရဲ့ နောက်ဆုံးပေါ်  Galaxy ခေါက်ဖုန်းတွေ အလုံးအရင်းနဲ့ ခိုးယူခံရတဲ့ ဖြစ်စဉ်ကြီးတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ လန်ဒန်မြို့မှာ Galaxy Z Fold 7 နဲ့ Galaxy Z Flip 7 အလုံးထောင်ပေါင်းများစွာ အခိုးခံခဲ့ရတာဖြစ်ပြီး သိထားသမျှ အချက်အလက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Samsung Galaxy Z Fold 7

နာမည်ကြီး သတင်းပေးသူ (Tipster) တစ်ဦးဖြစ်တဲ့ Ice Universe က တောင်ကိုရီးယား နည်းပညာကုမ္ပဏီကြီးရဲ့ ယူကေနိုင်ငံကို တင်ပို့တဲ့ နောက်ဆုံးဖုန်းတွေနဲ့ ပတ်သက်ပြီး သတင်းဆိုးတစ်ခုကို မျှဝေခဲ့ပါတယ်။ Samsung ရဲ့ Galaxy Z Fold 7 နဲ့ Galaxy Z Flip 7 ဖုန်းအသစ်တွေကို တင်ဆောင်လာတဲ့ ကုန်တင်ကားတစ်စီးဟာ မကြာသေးခင်က လန်ဒန် Heathrow လေဆိပ်အနီးမှာ အခိုးခံခဲ့ရတာပါ။ သတင်းတွေအရ သူခိုးတွေက ခေါက်ဖုန်းအလုံးရေ ၁၂,၀၀၀ လောက်နဲ့ လွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။

The Galaxy Z Fold 7 and Galaxy Z Flip 7 have bigger screens and thinner  bodies | WhistleOut

ဒီခိုးမှုကြီးကြောင့် Samsung Electronics ကုမ္ပဏီအတွက် စီးပွားရေးအရ အမေရိကန်ဒေါ်လာ ၁၀.၆ သန်းခန့် ဆုံးရှုံးခဲ့ရပါတယ်။ Galaxy Z Flip 7 တစ်လုံးရဲ့ ဈေးနှုန်းက ပေါင် ၁,၀၄၉ ဖြစ်ပြီး၊ Galaxy Z Fold 7 ကတော့ ပိုပြီးဈေးကြီးတဲ့ ပေါင် ၁,၇၉၉ ဈေးနှုန်း ရှိပါတယ်။ အခုအချိန်အထိ ကုန်တင်ကားရဲ့ တည်နေရာကို မသိရသေးတဲ့အတွက် အဲဒီတန်ဖိုးကြီးဖုန်းတွေ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

Samsung အနေနဲ့ ပျောက်ဆုံးနေတဲ့ ဖုန်းတွေကို ရှာဖွေဖို့ ယူကေရဲ့ ဥပဒေစိုးမိုးရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေဖွယ်ရှိပြီး အခိုးခံရတဲ့ ဖုန်းအားလုံးကို အမည်ပျက်စာရင်းသွင်း (blacklist) ပြီး သုံးမရအောင် လော့ခ်ချ (lock) လိုက်ဖို့လည်း ရှိပါတယ်။ ဒီလိုလုပ်ဆောင်လိုက်တာက ဖုန်းတွေကို လုံးဝသုံးမရအောင် ဖြစ်သွားစေပြီး မှောင်ခို ဈေးကွက်မှာ ပြန်ရောင်းဖို့ ခက်ခဲသွားစေမှာပါ။ ဒီခိုးမှုကြီးကြောင့် ဒေသတွင်းမှာ Samsung ရဲ့   Galaxy Z Fold 7 နဲ့ Galaxy Z Flip 7 မော်ဒယ်တွေ ရောင်းချဖို့ လုံလောက်မှုမရှိတာမျိုးတွေအထိ သက်ရောက်မှု ရှိလာနိုင်ပါတယ်။

Ref : gizmochina