တရုတ်နိုင်ငံ၊ Zhejiang ပြည်နယ်က သုတေသီတွေဟာ ကျိုးသွားတဲ့ အရိုးတွေကို ၂ မိနစ်ကနေ ၃ မိနစ်အတွင်းမှာပဲ ဆက်ပေးနိုင်မယ့် “Bone-02” လို့ခေါ်တဲ့ အစွမ်းထက် ဆေးဘက်ဆိုင်ရာကော်တစ်မျိုးကို တီထွင်လိုက်ပါတယ်။
ရေစိုနေတဲ့ မျက်နှာပြင်တွေမှာ ကမာကောင်တွေ ခိုင်ခိုင်မြဲမြဲ ကပ်နေတဲ့ပုံစံကနေ စိတ်ကူးယူထားတဲ့ အဲဒီကော်ဟာ သမားရိုးကျကော်တွေ အစွမ်းမပြနိုင်တဲ့ သွေးတွေနဲ့ပြည့်နေတဲ့ ခွဲစိတ်မှုပတ်ဝန်းကျင်မှာတောင် ကောင်းကောင်း အလုပ်လုပ်နိုင်ပါတယ်။
သတ္တုပြားတွေ၊ ဝက်အူတွေနဲ့မတူဘဲ Bone-02 ကော်ဟာ ခန္ဓာကိုယ်ကနေ ပြန်လည်စုပ်ယူနိုင်တဲ့ အမျိုးအစား ဖြစ်ပါတယ်။ အရိုးတွေပြန်ဆက်ပြီး ကောင်းသွားတဲ့အခါ ခန္ဓာကိုယ်က အဲဒီကော်ကို တဖြည်းဖြည်း စုပ်ယူသွားမှာဖြစ်လို့ ခွဲစိတ်ထည့်ထားတဲ့ ပစ္စည်းတွေကို ပြန်ထုတ်ရတဲ့ ဒုတိယအကြိမ်ခွဲစိတ်မှုမျိုး လုပ်ဖို့မလိုတော့ပါဘူး။
အဲဒီကော်ကို လူနာ ၁၅၀ ကျော်မှာ စမ်းသပ်ကုသခဲ့ပြီးဖြစ်ပြီး ပေါင် ၄၀၀ ကျော် ဆွဲအားကို ခံနိုင်တဲ့အထိ ခိုင်မာမှုရှိသလို၊ သူ့ရဲ့ shear strength (ရွဲ့စောင်းအား) က 0.5 MPa နဲ့ compressive strength (ဖိသိပ်အား) ကတော့ 10 MPa အထိ ရှိပါတယ်။
နောက်ထပ် လက်တွေ့စမ်းသပ်မှုတွေ လိုအပ်နေသေးပေမဲ့ သုတေသီတွေကတော့ Bone-02 ဟာ လက်ရှိသုံးနေတဲ့ အရိုးဆက်နည်းလမ်းတွေထက် ပိုလုံခြုံ၊ ပိုမြန်ဆန်ပြီး ခွဲစိတ်ရာသေးငယ်တဲ့ နည်းလမ်းတစ်ခု ဖြစ်လာနိုင်မယ်လို့ ယုံကြည်ထားကြပါတယ်။
Ref : Technology Innovation