ရုရှားရဲ့ ပထမဆုံး AI စွမ်းအင်သုံး လူတူ စက်ရုပ် AIdol ဟာ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့မှာ Moscow က နည်းပညာပွဲတစ်ခုမှာ လူသိရှင်ကြား ပွဲဦးထွက်ခဲ့ပါတယ်။

Rocky ဇာတ်ဝင်သီချင်း “Eye of the Tiger” နဲ့အတူ စင်ပေါ်ကို တက်လာချိန်မှာ စက်ရုပ်ဟာ ခြေလှမ်းအနည်းငယ် ယိုင်နဲ့နဲ့ လှမ်းပြီးနောက် ဟန်ချက်ပျက်ပြီး မျက်နှာနဲ့ထိုးကျသွားပါတယ်၊ သူ့ရဲ့ အစိတ်အပိုင်းတချို့လည်း ပြုတ်ထွက်သွားပါတယ်။

ဗီဒီယိုမှာမိသွားတဲ့ အဲဒီ လဲကျမှုဟာ အွန်လိုင်းမှာ ချက်ချင်း viral ဖြစ်သွားပြီး ဝေဖန်တုံ့ပြန်မှုတွေ ထွက်ပေါ်လာစေခဲ့ပါတယ်။ ပရိသတ်တွေကလည်း ဒါဟာ show ရဲ့ တစ်စိတ်တစ်ပိုင်းလား ဒါမှမဟုတ် တကယ်ဖြစ်တာလား မသေချာဘဲ အံ့ဩတကြီး ဖြစ်ပြီး ရယ်မောခဲ့ကြပါတယ်။
ပွဲရဲ့ ဝန်ထမ်းတွေကလည်း မီးရောင်တွေအောက်မှာ လဲကျနေတဲ့ စက်ရုပ်ကို ကူညီဖို့ အမြန်ပြေးလာခဲ့ကြပါတယ်။ Idol ရဲ့ CEO ပြောကြားချက်အရ၊ ဒီလို လဲကျသွားတာဟာ AIdol ရဲ့ ဟန်ချက်ထိန်းချုပ်မှုနဲ့ လှုပ်ရှားမှု ထိန်းချုပ်ရေးစနစ်မှာ calibration အမှားအယွင်း ရှိနေတာကြောင့် ဖြစ်ပါတယ်။
နောက်တစ်ကြိမ် လူအများရှေ့မှာ စမ်းသပ်မှု မလုပ်ခင် အင်ဂျင်နီယာတွေက သူ့ရဲ့ sensor တွေနဲ့ ဟန်ချက်ထိန်းကိရိယာတွေကို ပြန်ပြီး အသေးစိတ် ညှိနှိုင်းနေတယ်လို့ ကုမ္ပဏီက ပြောပါတယ်။
Ref : Technology Innovation