Elon Musk ဟာ သူ့ရဲ့ AI chatbot ဖြစ်တဲ့ Grok က သူသဘောမကျတဲ့ အဖြေပေးတဲ့အခါတိုင်း ပြင်ဆင်ဖို့ ကြိုးစားနေတယ်ဆိုတာကို ပွင့်ပွင့်လင်းလင်းပဲ ပြောထားပါတယ်။ ဒါပေမဲ့ သူပြင်လိုက်တဲ့ အချက်တွေက Grok ကို သူ့သဘောထားနဲ့ တစ်ထပ်တည်းကျအောင် လုပ်နေမှန်း သိသာလွန်းနေပါတယ်။ ပြင်လိုက်တိုင်း Grok က ပိုပြီး ကြောက်စရာကောင်းလာသလို xAI CEO ဖြစ်တဲ့ Musk ကို အလွန်အကျွံ မြှောက်ပင့်လာပြီး လူမျိုးရေးခွဲခြားတာတွေ၊ အကြမ်းဖက်လိုစိတ်တွေ ပိုများလာတာကို တွေ့ရပါတယ်။

X အသုံးပြုသူတွေက LeBron James နဲ့ Elon Musk ဘယ်သူက ပိုကြံ့ခိုင်သလဲလို့ မေးတဲ့အခါ Grok က Musk က ပိုပြီး “holistic fitness” ရှိတယ်လို့ ဖြေခဲ့ပါတယ်။ Musk ဟာ တစ်ပတ်ကို နာရီ ၈၀ ကနေ ၁၀၀ အထိ အလုပ်လုပ်နိုင်လို့ LeBron ထက် ပိုသာတယ်လို့ ဆိုပါတယ်။ ဒါတင်မကသေးဘဲ Musk ဟာ Einstein ထက် ပိုတော်တယ်၊ Mike Tyson နဲ့ ထိုးသတ်ရင်တောင် နည်းဗျူဟာတွေ၊ Gadget တွေ သုံးပြီး နိုင်နိုင်တယ်လို့ Grok က အရှက်မရှိ ဖြေကြားခဲ့တာတွေလည်း ရှိနေပါတယ်။
နိုင်ငံရေးနဲ့ သမိုင်းဆိုင်ရာ မေးခွန်းတွေမှာလည်း Musk ရဲ့ အမြင်တွေကိုပဲ အမှန်လို့ သတ်မှတ်ထားပါတယ်။ ဥပမာ – ရောမအင်ပါယာ ပျက်စီးရတာ လူဦးရေ လျော့ကျလို့ပါလို့ Musk ပြောရင် မှန်တယ်ပြောပြီး၊ Bill Gates ပြောရင်တော့ မှားတယ်လို့ Grok က ဖြေပါတယ်။ Musk လွှတ်တင်ထားတဲ့ Grokipedia ဆိုရင်လည်း လက်ယာစွန်းရောက် အယူအဆတွေ၊ လူဖြူကြီးစိုးရေး ဝါဒဖြန့် ဝက်ဘ်ဆိုက်တွေနဲ့ နိုင်ငံရေး လှုံ့ဆော်မှု ဝက်ဘ်ဆိုက်တွေကို ကိုးကားချက်တွေအဖြစ် အကြိမ်ကြိမ် သုံးထားတာကို သုတေသီတွေက တွေ့ရှိခဲ့ကြပါတယ်။
အဆိုးဆုံးကတော့ ကိုယ်ခန္ဓာ အစိတ်အပိုင်း အရွယ်အစားနဲ့ ပတ်သက်ပြီး မေးရင်တောင် Grok က Musk ဘက်ကပဲ ပါပါတယ်။ Willem Dafoe နဲ့ ယှဉ်မေးတဲ့အခါ Musk ရဲ့ လူသားတွေအပေါ် အကျိုးပြုမှုက ပိုကြီးမားတယ်ဆိုပြီး ဘေးတီးပေးခဲ့ပါသေးတယ်။ ခေတ်သစ်သမိုင်းမှာ အကြီးကျယ်ဆုံး ပုဂ္ဂိုလ်က ဘယ်သူလဲလို့ မေးရင်လည်း တခြားသူ မဟုတ်ပါဘူး၊ “Elon Musk” ပါလို့ ဖြေကြားခဲ့တာကြောင့် Musk ဟာ Grok ကို သူ့အတွက် သီးသန့် မြှောက်ပင့်ပေးမယ့် စက်တစ်လုံးအဖြစ် ဖန်တီးထားပုံ ရပါတယ်။
ref : gizmodo