တရုတ်နိုင်ငံ Hangzhou မြို့ Binjiang district ရှိ Binsheng လမ်းမှာ Hangxing No. 1 လို့ အမည်ပေးထားတဲ့ AI ယာဉ်ထိန်းရဲစက်ရုပ်အသစ်ဟာ တနင်္လာနေ့ (ဒီဇင်ဘာ ၁ ရက်) ကစပြီး ပထမဆုံးအကြိမ် တာဝန်စတင် ထမ်းဆောင်နေပါပြီ။

ဒီစက်ရုပ်ဟာ “ရှေ့တည့်တည့်သွားပါ”၊ “ရပ်ပါ” ဆိုတဲ့ လက်သင်္ကေတတွေကို ရှင်းရှင်းလင်းလင်း ပြသနိုင်တာ၊ ခရာမှုတ်တာတွေ လုပ်ဆောင်နိုင်သလို ဦးထုပ်မဆောင်းတဲ့ ဆိုင်ကယ်စီးသူတွေ၊ သတ်မှတ်မျဉ်းကျော်ရပ်တဲ့ ယာဉ်တွေနဲ့ စည်းကမ်းမဲ့ လမ်းကူးသူတွေကိုပါ ဖမ်းယူသိရှိနိုင်ပြီး အဲဒီနေရာမှာတင် ယဉ်ယဉ်ကျေးကျေး အသံထွက် သတိပေးနိုင်စွမ်း ရှိတဲ့အတွက် ဒေသခံတွေရဲ့ စိတ်ဝင်စားမှုကို ခံနေရပါတယ်။

Binjiang traffic police brigade မှ Zhang Wanzhe ရဲ့ ပြောကြားချက်အရ စက်ရုပ်ရဲ့ လှုပ်ရှားမှုတွေဟာ ယာဉ်ထိန်းရဲအစစ်တွေရဲ့ လှုပ်ရှားပုံကို အတုယူ သင်ကြားပေးထားတာဖြစ်ပြီး လမ်းဆုံတွေမှာ လက်တွေ့လေ့လာသင်ယူမှု (continuous learning) ကနေတဆင့် သူ့ရဲ့ AI မော်ဒယ်က ပိုကောင်းမွန်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် သူ့ကို မီးပွိုင့်စနစ်တွေနဲ့လည်း ချိတ်ဆက်ထားပါတယ်။
ဒီစက်ရုပ်ကို ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက Binjiang ရှိ လမ်းဆုံအများအပြားမှာ စမ်းသပ်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ အပြန်အလှန် စကားပြောတာ၊ လမ်းညွှန်တာနဲ့ ဘေးကင်းရေး အသိပညာပေးတာတွေ လုပ်ဆောင်နိုင်ဖို့ large-language-model (LLM) စွမ်းရည်တွေပါ ထည့်သွင်းသွားမှာပါ။ လက်ရှိမှာ Hangzhou အနေနဲ့ နောက်မျိုးဆက် ယာဉ်ထိန်းစက်ရုပ်တွေကို ဒီဇိုင်းရေးဆွဲနေပြီး စက်ရုပ်ရဲတပ်ဖွဲ့ (robot police fleet) တစ်ခုလုံး ဖွဲ့စည်းနိုင်ဖို့အထိပါ စဉ်းစားဆောင်ရွက်နေပါတယ်။
Ref : Nation Thailand