OpenAI ကုမ္ပဏီဟာ ChatGPT ရဲ့ လူကြီးကြိုက် (18+) ဗားရှင်းသစ် မိတ်ဆက်မယ့် အစီအစဉ်ကို အကန့်အသတ်မရှိ နောက်ဆုတ်လိုက်ပါတယ်။ အစောပိုင်းက ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ စတင်ဖြန့်ချိဖို့ စီစဉ်ခဲ့တာဖြစ်ပေမဲ့ အခုအခါမှာတော့ ဘယ်တော့ပြန်စမလဲဆိုတဲ့ တိကျတဲ့အချိန်ဇယား မရှိတော့ဘဲ ရပ်ဆိုင်းထားလိုက်ပြီ ဖြစ်ပါတယ်။

Financial Times ရဲ့ ဖော်ပြချက်အရ OpenAI ဟာ ဒီစနစ်သစ်ကို ပိုမိုကောင်းမွန်အောင် ပြင်ဆင်ဖို့နဲ့ 18+ mode ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ သက်ရောက်မှုတွေကို သေချာလေ့လာဖို့ အချိန်ထပ်ယူနေတာဖြစ်တယ်လို့ အတည်ပြုထားပါတယ်။ ဒါပေမဲ့ ကုမ္ပဏီတွင်းက ဝန်ထမ်းတွေရဲ့ ကန့်ကွက်မှုတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေဘက်က စိုးရိမ်မှုတွေကြောင့် အခုလို ရက်ရွှေ့လိုက်တာဖြစ်နိုင်တယ်လို့လည်း မီဒီယာအချို့က ခန့်မှန်းနေကြပါတယ်။

အခုလို ဆုံးဖြတ်ချက်ဟာ OpenAI ရဲ့ AI chatbot နဲ့ ပတ်သက်ပြီး လူသေဆုံးမှုအထိ ဖြစ်ပွားခဲ့တဲ့ တရားစွဲဆိုမှုတွေနဲ့လည်း ဆက်စပ်နေနိုင်ပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ 18+ mode ကို မိတ်ဆက်လိုက်ရင် လူထုရဲ့ ဝေဖန်မှုတွေ ပိုမိုပြင်းထန်လာနိုင်တာကြောင့် အခုအချိန်ဟာ မိတ်ဆက်ဖို့ မသင့်တော်ဘူးလို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။
ဒီ 18+ ဗားရှင်းကို နောင်မှာ တကယ်ပဲ ပြန်ထုတ်မလားဆိုတာကတော့ မသေချာသေးပါဘူး။ လက်ရှိရင်ဆိုင်နေရတဲ့ ဥပဒေကြောင်းအရ အငြင်းပွားမှုတွေနဲ့ AI ဘေးကင်းလုံခြုံရေးဆိုင်ရာ ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့အပေါ်မှာပဲ မူတည်နေပါတယ်။ ဒါဟာ နည်းပညာကုမ္ပဏီတွေအနေနဲ့ တီထွင်ဆန်းသစ်မှုနဲ့ တာဝန်ယူမှုကြားမှာ ဘယ်လောက်အထိ ခက်ခဲစွာ ရုန်းကန်နေရသလဲဆိုတာကို ပြသနေတာပဲ ဖြစ်ပါတယ်။
Ref: Bangkokpost