ကမ္ဘာကျော် နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Oracle ဟာ အမေရိကန်နဲ့ အိန္ဒိယက ဝန်ထမ်းတွေကို အလုပ်ထုတ်ပယ်မှုတွေ စတင်လုပ်ဆောင်နေပါတယ်။ ထူးခြားတာက ဝန်ထမ်းတွေကို မနက် ၆ နာရီမှာ Email ပို့ပြီး သူတို့ရဲ့ ရာထူးနေရာတွေ မရှိတော့ကြောင်း ရုတ်တရက် အကြောင်းကြားခဲ့တာပါ။ ကြိုတင်အသိပေးတာမျိုး ဒါမှမဟုတ် HR နဲ့ မန်နေဂျာတွေဘက်က ဆွေးနွေးတာမျိုး လုံးဝမရှိဘဲ အခုလို အလုပ်ထုတ်လိုက်တာ ဖြစ်ပါတယ်။

ဒီတစ်ကြိမ် အလုပ်ထုတ်ခံရမှုမှာ Cloud စနစ်၊ အရောင်းဌာနနဲ့ ကျန်းမာရေးစောင့်ရှောက်မှု နည်းပညာဌာနတွေက ဝန်ထမ်းတွေ အဓိကပါဝင်နေပါတယ်။ အလုပ်ထုတ်ခံရတဲ့ ဝန်ထမ်းတွေဟာ Email ရတဲ့နေ့မှာပဲ ကုမ္ပဏီရဲ့ အချက်အလက်တွေကို ဝင်ရောက်ခွင့် ပိတ်ပင်ခံလိုက်ရပြီး၊ အလုပ်ရပ်နားတဲ့ စာချုပ်မှာ လက်မှတ်ထိုးပြီးမှသာ နစ်နာကြေး (Severance Pay) ရရှိမယ်လို့ သိရပါတယ်။

အလုပ်ထုတ်ခံရတဲ့ ဝန်ထမ်းအရေအတွက် အတိအကျကို Oracle ဘက်က ထုတ်ပြန်ခြင်း မရှိသေးပေမဲ့ ခန့်မှန်းခြေအရ တစ်ကမ္ဘာလုံးမှာ ဝန်ထမ်း ၂၀,၀၀၀ ကနေ ၃၀,၀၀၀ ကြားအထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဒါဟာ ကုမ္ပဏီသမိုင်းမှာ အတော်လေး များပြားတဲ့ ပမာဏဖြစ်ပြီး ဝန်ထမ်းတွေကြားမှာလည်း တော်တော်လေး ရိုက်ခတ်မှု ရှိနေပါတယ်။
အခုလို အလုပ်ထုတ်ရတဲ့ အဓိကအကြောင်းရင်းကတော့ Oracle ဟာ AI နည်းပညာနဲ့ Data Center ရင်းနှီးမြှုပ်နှံမှုတွေဘက်ကို အင်တိုက်အားတိုက် ပြောင်းလဲလုပ်ကိုင်ဖို့ ပြင်ဆင်နေတာကြောင့် ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ အရင်းအမြစ်တွေကို နည်းပညာအခြေခံအဆောက်အအုံ တိုးတက်ရေးဘက်မှာ ပိုသုံးနိုင်အောင် ဝန်ထမ်းအင်အား လျှော့ချပြီး ပြန်လည်ပြင်ဆင်နေတာလို့ သိရပါတယ်။
Ref : Fossbytes