ကွယ်လွန်သူ Samsung ဥက္ကဋ္ဌကြီး Lee Kun-hee ရဲ့ မိသားစုဟာ ကိုရီးယားသမိုင်းမှာ အများဆုံးဖြစ်တဲ့ ဝမ် ၁၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၇.၉၅ ဘီလီယံခန့်) ရှိတဲ့ အမွေခွန်တွေကို ဒီလထဲမှာ နောက်ဆုံးအသုတ်အနေနဲ့ အပြတ်ပေးချေတော့မှာ ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာ ဥက္ကဋ္ဌကြီး ကွယ်လွန်ပြီးနောက် ကျန်ရစ်တဲ့ ဝမ် ၂၆ ထရီလီယံတန်ဖိုးရှိတဲ့ ရှယ်ယာတွေ၊ အိမ်ခြံမြေနဲ့ အနုပညာပစ္စည်းတွေအတွက် ဒီအခွန်တွေကို ၂၀၂၁ ခုနှစ်ကတည်းက အရစ်ကျ ခွဲပေးခဲ့ကြတာဖြစ်ပြီး အခုဆိုရင် ၅ နှစ်ကြာ ပေးဆပ်မှုဟာ အဆုံးသတ်တော့မှာပါ။

Samsung Lee clan to pay nearly $11bn inheritance tax over 5 years - Nikkei  Asia

ဒီအခွန်ငွေတွေကို ပေးနိုင်ဖို့အတွက် ဥက္ကဋ္ဌကြီးရဲ့ ဇနီးဖြစ်သူနဲ့ သမီးတွေဟာ Samsung Electronics အပါအဝင် ကုမ္ပဏီခွဲတွေက သူတို့ပိုင်ဆိုင်တဲ့ ရှယ်ယာအချို့ကို ရောင်းချခဲ့ရပါတယ်။ ဒါပေမဲ့ လက်ရှိဥက္ကဋ္ဌ Lee Jae-yong ကတော့ ကုမ္ပဏီအပေါ် သူ့ရဲ့အုပ်ချုပ်မှုအာဏာကို မထိခိုက်စေဖို့အတွက် ရှယ်ယာတစ်ခုမှ မရောင်းဘဲ အမြတ်ဝေစုတွေနဲ့ ကိုယ်ရေးကိုယ်တာ ချေးငွေတွေကိုပဲ အသုံးပြုပြီး အခွန်ပေးဆောင်ခဲ့ပါတယ်။ ဒါကြောင့်လည်း အခုဆိုရင် သူဟာ Samsung C&T နဲ့ Samsung Life Insurance တို့လို အဓိကလုပ်ငန်းကြီးတွေမှာ ရှယ်ယာပမာဏ ပိုမိုပိုင်ဆိုင်လာပြီး အုပ်ချုပ်ရေးပိုင်းမှာ ပိုပြီး အခြေခိုင်လာခဲ့ပါတယ်။

Samsung owner family to complete $8 billion inheritance tax payments this  month

အခုလို အမွေခွန်ကိစ္စတွေ အပြတ်အသတ် ရှင်းလင်းသွားပြီဖြစ်တဲ့အတွက် Samsung အုပ်စုအတွင်းမှာ ရှိနေခဲ့တဲ့ စီမံခန့်ခွဲမှုဆိုင်ရာ မသေချာမှုတွေလည်း လျော့ပါးသွားတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အခွန်ကိစ္စကြောင့် နောက်ဆုတ်ထားခဲ့ရတဲ့ ဆီမီးကွန်ဒတ်တာ (Semiconductor)၊ AI နည်းပညာနဲ့ ဇီဝဆေးဝါးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေကို ပိုမိုအရှိန်အဟုန်မြှင့် လုပ်ဆောင်လာတော့မယ်လို့ မျှော်လင့်ရပါတယ်။ ဒါဟာ Samsung ရဲ့ အနာဂတ်စီးပွားရေး ဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်ဖို့အတွက် အရေးပါတဲ့ ခြေလှမ်းသစ်တစ်ခုလည်း ဖြစ်နေပါတယ်။

Ref : KoreaTimes