Toyota ကုမ္ပဏီဟာ ဘတ်စကက်ဘော ကစားနိုင်တဲ့ သူတို့ရဲ့ နောက်ဆုံးပေါ် CUE7 စက်ရုပ်ကို ထုတ်ဖော်ပြသလိုက်ပါတယ်။ ဒီစက်ရုပ်ဟာ အဆင့်မြင့် အာရုံခံကိရိယာတွေနဲ့ AI နည်းပညာကို အသုံးပြုပြီး ဘတ်စကက်ဘောကွင်းရဲ့ အကွာအဝေးနဲ့ လိုအပ်တဲ့ အင်အားကို တွက်ချက်ပြီး တိတိကျကျ ပစ်သွင်းနိုင်တာပါ။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့က တိုကျိုမှာ ကျင်းပခဲ့တဲ့ ပရိုဘတ်စကက်ဘောပွဲရဲ့ အနားယူချိန်မှာ ဒီစက်ရုပ်က ပရိသတ်တွေရှေ့မှာတင် ဘောလုံးပုတ်ပြတာနဲ့ ဂိုးသွင်းပြတာတွေကို အောင်မြင်စွာ ပြသနိုင်ခဲ့ပါတယ်။
CUE စီးရီးကို ၂၀၁၇ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး အရင်မျိုးဆက်တွေတုန်းကလည်း အကြိမ်ပေါင်း ၂,၀၂၀ ဆက်တိုက် ဂိုးဝင်အောင် ပစ်သွင်းနိုင်တဲ့ စံချိန်တွေ တင်ခဲ့ဖူးပါတယ်။ အခု CUE7 မှာတော့ အရင်ကထက် ပိုမိုကောင်းမွန်တဲ့ အာရုံခံစနစ်တွေ၊ ပိုမိုညင်သာတဲ့ လှုပ်ရှားမှုတွေနဲ့ ဘောလုံးကို ပိုမိုထိန်းချုပ်နိုင်တဲ့ စွမ်းရည်တွေ ပါဝင်လာပါတယ်။ အရပ် ၂၁၉ စင်တီမီတာရှိတဲ့ ဒီစက်ရုပ်ဟာ နည်းပညာပိုင်းအရ အရင်ကထက် အများကြီး ပိုမိုတိုးတက်လာတာကို တွေ့ရပါတယ်။

Toyota အနေနဲ့ CUE7 ကို ဘတ်စကက်ဘော ကစားဖို့တင်မဟုတ်ဘဲ အဆင့်မြင့် AI နည်းပညာနဲ့ စက်ရုပ်လှုပ်ရှားမှု ထိန်းချုပ်ရေးစနစ်တွေကို စမ်းသပ်တဲ့ နေရာမှာပါ အသုံးပြုနေတာပါ။ ဒီနည်းပညာတွေကို နောင်အနာဂတ်မှာ စက်ရုံတွေ၊ လူတွေကို ကူညီပေးမယ့် အထောက်အကူပြု စက်ရုပ်တွေနဲ့ သယ်ယူပို့ဆောင်ရေး စနစ်သစ်တွေမှာ ပြန်လည်အသုံးပြုသွားဖို့ ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။
