AI နည်းပညာနဲ့ လူတစ်ယောက်ရဲ့ အသံနဲ့ ရုပ်ရည်ကို အတုလုပ်ရတာ လွယ်ကူလာတဲ့ ဒီနေ့ခေတ်မှာ ကမ္ဘာကျော်အဆိုတော် Taylor Swift က သူမရဲ့ ကိုယ်ပိုင်အသံနဲ့ စင်ပေါ်က ပုံရိပ်တွေကို ကုန်အမှတ်တံဆိပ် (Trademark) အဖြစ် မှတ်ပုံတင်ဖို့ ကြိုးစားလာပါတယ်။ အယ်လ်ဘမ်အသစ် ‘The Life of a Showgirl’ ကြော်ငြာထားတဲ့ အသံဖိုင်တွေနဲ့ စင်ပေါ်က သူမရဲ့ ထူးခြားတဲ့ ဟန်ပန်တွေကို ဥပဒေကြောင်းအရ ကာကွယ်လိုက်တာပါ။ ဒါဟာ အရင်က သီချင်းတွေကိုပဲ မူပိုင်ခွင့်ယူခဲ့တဲ့ အစဉ်အလာကနေ ခွဲထွက်ပြီး ကိုယ်ပိုင် “Identity” တစ်ခုလုံးကို ကာကွယ်ဖို့ ခြေလှမ်းပြင်လာတာပဲ ဖြစ်ပါတယ်။

Taylor Swift.

Taylor Swift ဟာ အရင်ကလည်း AI နဲ့ လုပ်ထားတဲ့ အဝတ်အထည်မပါတဲ့ ပုံတွေ၊ သူမရဲ့အသံနဲ့ ပစ္စည်းအတု ကြော်ငြာတာတွေကြောင့် အတော်လေး စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရပါတယ်။ အခုလို အသံကိုပါ Trademark လုပ်လိုက်တာက နောက်ပိုင်းမှာ AI ကုမ္ပဏီတွေက သူမရဲ့ ခွင့်ပြုချက်မပါဘဲ အသံကိုတုပတာ (Imitation) မျိုးလုပ်လာရင် “လူထုကို ဇဝေဇဝါဖြစ်စေတယ်” ဆိုတဲ့ အချက်နဲ့ တရားစွဲဆိုနိုင်ဖို့ ခိုင်မာတဲ့ လက်နက်တစ်ခု ရယူလိုက်တာလည်း ဖြစ်ပါတယ်။

Taylor Swift files to trademark voice and image after AI concerns

ဒီတိုက်ပွဲမှာ Taylor Swift တစ်ယောက်တည်း မဟုတ်ပါဘူး။ Scarlett Johansson နဲ့ Tom Hanks တို့လို နာမည်ကျော်တွေကလည်း သူတို့ရဲ့ ပုံရိပ်တွေကို AI က ခိုးယူအသုံးပြုနေတာကို ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြပါတယ်။ ‘Stealing Isn’t Innovation’ (ခိုးယူတာဟာ တီထွင်ဆန်းသစ်မှုမဟုတ်ဘူး) ဆိုတဲ့ လှုပ်ရှားမှုတွေနဲ့အတူ အနုပညာရှင် ၇၀၀ ကျော်က နည်းပညာကုမ္ပဏီတွေကို ဖိအားပေးနေပါတယ်။ အခု Taylor Swift ရဲ့ လုပ်ဆောင်ချက်ဟာ AI ခေတ်မှာ အနုပညာရှင်တွေ သူတို့ကိုယ်သူတို့ ဘယ်လိုကာကွယ်ရမလဲဆိုတဲ့ လမ်းစသစ်ကို ပြသလိုက်တာပဲ ဖြစ်ပါတယ်။

Ref : nbcnews