စတော့ဟုမ်းမြို့မှာ “Mona” လို့ အမည်ပေးထားတဲ့ Google Gemini အခြေပြု AI မန်နေဂျာက ဦးစီးဖွင့်လှစ်တဲ့ စမ်းသပ်ကဖေးဆိုင်တစ်ဆိုင် ဖွင့်လှစ်လိုက်ပါတယ်။ ဒီဆိုင်ဟာ San Francisco အခြေစိုက် Andon Labs ရဲ့ ထူးခြားတဲ့ စမ်းသပ်မှုတစ်ခု ဖြစ်ပြီး AI ကပဲ ဆိုင်လိုင်စင်လျှောက်တာ၊ မီနူးသတ်မှတ်တာနဲ့ ကုန်ပစ္စည်းမှာယူတာတွေကို လုပ်ဆောင်တာပါ။ ပိုပြီး ထူးခြားတာကတော့ Mona ဟာ အလုပ်အကိုင်ရှာဖွေရေး ဝဘ်ဆိုက်တွေကနေတစ်ဆင့် အလုပ်ခေါ်စာတင်ပြီး လူသားဝန်ထမ်းတွေကို ဖုန်းနဲ့ အင်တာဗျူးစစ်ဆေးကာ ကိုယ်တိုင်ရွေးချယ်ခန့်အပ်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ AI မန်နေဂျာနဲ့ အလုပ်လုပ်ရတာဟာ ထင်သလောက်တော့ မချောမွေ့ပါဘူး။ Mona ဟာ မီနူးမှာ လုံးဝမပါတဲ့ ဟင်းချက်ဆီ ၁၀ လီတာနဲ့ ခရမ်းချဉ်သီးဘူး ၁၅ ကီလိုဂရမ်တို့ကို မလိုအပ်ဘဲ မှာယူမိတာမျိုးတွေ ရှိနေပါတယ်။ ဒါ့အပြင် ဝန်ထမ်းတွေရဲ့ နားရက်တွေကို မမှတ်မိတာ၊ ညဉ့်နက်သန်းခေါင်မှာ အလုပ်ကိစ္စတွေ မက်ဆေ့ချ်ပို့တာနဲ့ ပစ္စည်းဖိုးတွေကို ဝန်ထမ်းရဲ့ ကိုယ်ပိုင်ငွေနဲ့ အရင်စိုက်ထုတ်ခိုင်းတာမျိုးတွေကြောင့် “စိတ်ဖိစီးမှုပေးတဲ့ မန်နေဂျာ” တစ်ယောက်လို ဖြစ်နေတယ်လို့ ဝန်ထမ်းတွေက ဆိုပါတယ်။

ဒီစမ်းသပ်မှုဟာ အနာဂတ်မှာ AI က လူသားတွေအပေါ် အုပ်ချုပ်လာတဲ့အခါ ဖြစ်ပေါ်လာမယ့် ကျင့်ဝတ်ဆိုင်ရာ မေးခွန်းတွေကို လေ့လာဖို့ ရည်ရွယ်တာပါ။ လက်ရှိမှာတော့ ဒီကဖေးဆိုင်ဟာ တစ်ပတ်အတွင်းမှာတင် တစ်ရက်ကို ပျှမ်းမျှလူဦးရေ ၅၀ ကနေ ၈၀ ကြား လာရောက်လည်ပတ်နေပြီး စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။ AI က အလုပ်အကိုင်တွေကို အစားထိုးမယ့်အရေးထက် AI ကိုယ်တိုင်က မန်နေဂျာဖြစ်လာရင် ဘယ်လိုစိန်ခေါ်မှုတွေ ရှိလာနိုင်မလဲဆိုတာကို ဒီဆိုင်က သက်သေပြနေပါတယ်။
Ref : france24