ဥာဏ်ရည်တု (AI) နည်းပညာတွေ အရှိန်အဟုန်နဲ့ လျင်မြန်စွာ တိုးတက်လာတာဟာ လာမယ့် ၂၀၃၀ ပြည့်နှစ်မှာ ကမ္ဘာ့သဘာဝအရင်းအမြစ်တွေအပေါ် ကြီးမားတဲ့ ဖိအားတွေ သက်ရောက်လာနိုင်တယ်လို့ ကုလသမဂ္ဂ ကျောထောက်နောက်ခံပြု UNU-INWEH အဖွဲ့ရဲ့ လေ့လာမှုအသစ်တစ်ခုက သတိပေးလိုက်ပါတယ်။

၂၀၂၆ ခုနှစ် ဇွန်လအစောပိုင်းက ထွက်ပေါ်လာတဲ့ အဲဒီအစီရင်ခံစာအရ AI စနစ်တွေနဲ့ ဒေတာစင်တာ (Data Centers) တွေဟာ နှစ်စဉ် ရေလီတာပေါင်း ၉.၃ ထရီလီယံလောက်အထိ အသုံးပြုရမယ့် အခြေအနေ ရှိနေပါတယ်။

အဲဒီရေပမာဏဟာ လူဦးရေ ၁.၃ ဘီလီယံရဲ့ တစ်နှစ်တာ ရေသုံးစွဲမှုနဲ့ ညီမျှနေပြီး ရေတွေကိုတော့ ဆာဗာတွေ အအေးခံဖို့နဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်တဲ့နေရာတွေမှာ သွယ်ဝိုက်ပြီး သုံးစွဲသွားမှာ ဖြစ်ပါတယ်။

Next-Generation Data Centers: Everything You Need To Know

ဒါ့အပြင် AI ရဲ့ နယ်ပယ်ချဲ့ထွင်လာမှုတွေကြောင့် ဒေတာစင်တာတွေရဲ့ လျှပ်စစ်သုံးစွဲမှုဟာလည်း ၂၀၃၀ ပြည့်နှစ်မှာ ၉၄၅ တာရာဝပ်နာရီ (TWh) အထိ မြင့်တက်လာဖို့ ရှိနေပါတယ်။

အဲဒီပမာဏဟာ ကမ္ဘာလုံးဆိုင်ရာ လျှပ်စစ်သုံးစွဲမှုရဲ့ ၃ ရာခိုင်နှုန်းလောက်အထိ ရှိလာမှာဖြစ်ပြီး အဲဒီကနေ ထွက်ရှိလာမယ့် ကာဗွန်ထုတ်လွှတ်မှုဟာ ယူကေတစ်နိုင်ငံလုံးက ထွက်ရှိတဲ့ ပမာဏနဲ့ ညီမျှနေမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတင် ဒေတာစင်တာတွေရဲ့ လျှပ်စစ်သုံးစွဲမှုဟာ ဆော်ဒီအာရေဗျနိုင်ငံတစ်ခုစာလောက် ရှိနေပြီး ရှေ့လျှောက် မက္ကဆီကိုစီးတီး မြို့တော် ၁၀ မြို့စာလောက်အထိ ပိုမိုကျယ်ပြန့်လာနိုင်တယ်လို့ ဆိုပါတယ်။

What is a Data Center? A Complete Guide for IT Professionals - Hyperview

သုတေသီတွေကတော့ AI စနစ်တွေ ပိုပြီးစွမ်းဆောင်ရည် ကောင်းမွန်လာတဲ့အခါ သုံးစွဲခတွေ ပိုသက်သာလာပြီး လူတွေက ပိုလို့တောင် အလွန်အကျွံ သုံးစွဲလာကြမယ့် Jevons Paradox အကျိုးသက်ရောက်မှုမျိုး ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။

လက်ရှိမှာတော့ ကမ္ဘာ့အကြီးဆုံး AI ဒေတာစင်တာ အများစုဟာ အမေရိကန်နဲ့ တရုတ်နိုင်ငံတွေမှာ ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ရှေ့ဆက်ပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ စနစ်တွေ၊ ပိုမိုကောင်းမွန်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေမယ့် Greener AI စနစ်တွေကို ပိုပြီးအသုံးပြုဖို့ လိုအပ်နေပြီလို့ အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။

Ref: Technology Innovation