Pew Research Centre ရဲ့ လေ့လာမှုအသစ်အရ အင်တာနက်ပေါ်က ဝဘ်စာမျက်နှာအသစ်တွေရဲ့ ၃၅ ရာခိုင်နှုန်းဟာ ဉာဏ်ရည်တု (AI) နဲ့ ရေးသားထားတာဖြစ်တယ်လို့ သိရပါတယ်။ ဒီအခြေအနေဟာ အင်တာနက်ကို လူတွေထက် စက်ရုပ်တွေက ပိုမိုဖန်တီးအသုံးပြုလာတယ်ဆိုတဲ့ dead internet theory ကို ပိုမိုစိုးရိမ်လာစေပါတယ်။ ပြီးခဲ့တဲ့နွေရာသီကလည်း Cloudflare ကုမ္ပဏီကနေ အင်တာနက်အသုံးပြုမှုမှာ AI ဘော့တ်တွေက လူတွေထက် ပထမဆုံးအကြိမ် ပိုများလာတယ်လို့ ကြေညာခဲ့ပါတယ်။

ဒီလေ့လာမှုအတွက် လွန်ခဲ့တဲ့ ၅ နှစ်အတွင်းက အင်္ဂလိပ်ဘာသာနဲ့ရေးသားထားတဲ့ ဝဘ်စာမျက်နှာပေါင်း ၅ သိန်းနီးပါးကို Open Pangram ဆိုတဲ့ AI ထောက်လှမ်းရေးကိရိယာနဲ့ စစ်ဆေးခဲ့တာဖြစ်ပါတယ်။ စုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်းမှာ AI နဲ့ရေးသားထားတဲ့ လက္ခဏာတွေတွေ့ရပြီး ChatGPT ထွက်ရှိပြီးနောက်ပိုင်း လွှင့်တင်ထားတဲ့ စာမျက်နှာတွေမှာတော့ ၃၅ ရာခိုင်နှုန်းအထိ AI အသုံးပြုထားတာကို တွေ့ရှိခဲ့ရပါတယ်။

AI ထောက်လှမ်းရေးကိရိယာတွေဟာ အမြဲတမ်းတိကျမှုမရှိပေမယ့် အခုလို အမြောက်အမြားစစ်ဆေးမှုကတော့ အင်တာနက်ပေါ်က ယေဘုယျအခြေအနေကို ထင်ဟပ်စေပါတယ်။ ထူးခြားချက်အနေနဲ့ delve နဲ့ interplay လိုမျိုး AI အသုံးများတဲ့ စကားလုံးတွေ၊ ပုဒ်ဖြတ်ပုဒ်ရပ် အသုံးပြုမှုတွေဟာ သိသိသာသာ မြင့်တက်လာတာကို တွေ့ရပါတယ်။ ဒါ့အပြင် AI အသုံးပြုမှုဟာ နေရာတိုင်းမှာ တူညီမှုမရှိဘဲ .com ဒိုမိန်းတွေမှာ .org ထက် နှစ်ဆ၊ .edu သို့မဟုတ် .gov တွေထက် ဆယ်ဆ ပိုမိုများပြားနေတာကိုလည်း လေ့လာတွေ့ရှိရပါတယ်။
Ref : independent