အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်က အသက် ၂၂ နှစ်အရွယ် Alexis Martínez-Arizala ဆိုသူဟာ ဆိုရှယ်မီဒီယာမှာ လူစိတ်ဝင်စားမှုရဖို့အတွက် AI နည်းပညာသုံးပြီး ရဲကင်းလှည့်ကားတစ်စီးကို လူလေးဦးက ဖောက်ထွင်းဝင်ရောက်သွားတဲ့ Deepfake ဗီဒီယိုအတုတစ်ခုကို ဖန်တီးခဲ့ပါတယ်။ အဆိုပါ ဗီဒီယိုဟာ အစစ်အမှန်နဲ့ တူလွန်းတာကြောင့် ကြည့်ရှုသူတွေက တကယ်အဖောက်ခံရတယ်လို့ ထင်မှတ်ပြီး တိုင်ကြားခဲ့ကြပါတယ်။ ဒါကြောင့် ရဲတပ်ဖွဲ့ဝင်တွေဟာ လက်နက်အပြည့်အစုံနဲ့ အခင်းဖြစ်ပွားရာ ရောက်ရှိလာခဲ့ပြီး နောက်ဆုံးမှာတော့ ဒါဟာ ဗီဒီယိုအတုဖြစ်ကြောင်း သိရှိသွားကာ ဖန်တီးသူကို ဖမ်းဆီးလိုက်ပါတယ်။
![]()
AI ပညာရှင်တွေရဲ့ အဆိုအရ လက်ရှိ Deepfake နည်းပညာတွေဟာ မျက်နှာကို အချိန်နဲ့တပြေးညီ ပြောင်းလဲနိုင်တဲ့အထိ တိုးတက်လာပြီး အတုမှန်း ခွဲခြားရခက်ခဲလာတာဟာ ကြီးမားတဲ့ ပြဿနာတစ်ခု ဖြစ်လာနေပါတယ်။ ဒီဖြစ်ရပ်မှာလည်း ရဲတပ်ဖွဲ့ဝင်တွေက ရဲကားနားမှာရှိနေတဲ့ တခြားအပြစ်မဲ့ပြည်သူတွေကို ရာဇဝတ်သားတွေလို့ မှားယွင်းယူဆပြီး လက်နက်တွေနဲ့ ပစ်ခတ်မိနိုင်တဲ့ အလွန်အန္တရာယ်များတဲ့ အခြေအနေမျိုးအထိ ရောက်ရှိသွားနိုင်ခဲ့တာပါ။ အချက်အလက်တွေကို စစ်ဆေးခြင်းမရှိဘဲ ယုံကြည်မိရင် အများပြည်သူ လုံခြုံရေးနဲ့ ယုံကြည်မှုကို ထိခိုက်စေနိုင်တယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။
![]()
လက်ရှိမှာတော့ Alexis Martínez-Arizala ကို သက်သေအတုပြုလုပ်မှု အပါအဝင် ပြစ်မှုအချို့နဲ့ တရားစွဲဆိုထားပါတယ်။ ကျွမ်းကျင်သူတွေကတော့ အခုလို Deepfake ကို အသုံးချပြီး လိမ်လည်လှည့်ဖြားတာမျိုးကို ပြစ်ဒဏ်ကြီးလေးတဲ့ ရာဇဝတ်မှုအဖြစ် သတ်မှတ်သင့်တယ်လို့ အကြံပြုထားကြပါတယ်။ ဒီဖြစ်ရပ်ဟာ AI နည်းပညာကို အလွဲသုံးစားလုပ်ရင် ဥပဒေကြောင်းအရရော လူမှုလုံခြုံရေးအရပါ ပြင်းထန်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရနိုင်တယ်ဆိုတာကို ပြသနေတဲ့ သတိပေးချက်တစ်ခုပဲ ဖြစ်ပါတယ်။
Ref : Khaosod