အမေဇုန် (Amazon) ကုမ္ပဏီဟာ ကမ္ဘာ့ပတ်လမ်းနိမ့် (Low Earth Orbit) မှာ ကိုယ်ပိုင်ဂြိုဟ်တုကွန်ရက်တစ်ခု တည်ဆောက်နေတာ ကြာပြီဖြစ်ပြီး အဲဒီပရောဂျက်ကို Amazon Leo လို့ အမည်ပေးထားပါတယ်။ ဒီဝန်ဆောင်မှုဟာ လက်ရှိ အကြီးမားဆုံး ဂြိုဟ်တုကွန်ရက်ဖြစ်တဲ့ စပေ့အက်စ် (SpaceX) ရဲ့ စတားလင့်ခ် (Starlink) နဲ့ တိုက်ရိုက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

အမေဇုန်ရဲ့ Leo ပရောဂျက် တာဝန်ခံ ဒုဥက္ကဋ္ဌ ခရစ် ဝီဘာ (Chris Weber) ရဲ့ ပြောကြားချက်အရ လက်ရှိမှာ Leo ဂြိုဟ်တုပေါင်း ၃၉၀ ကျော်ကို လွှတ်တင်ထားပြီးဖြစ်လို့ အခြေခံနယ်ပယ်တွေမှာ ဝန်ဆောင်မှုပေးနိုင်ဖို့ လုံလောက်နေပြီလို့ သိရပါတယ်။ ဒါ့အပြင် အခုနှစ်အတွင်း အစောပိုင်းဝန်ဆောင်မှုတွေ စတင်နိုင်ဖို့အတွက် လိုအပ်တဲ့ ဂြိုဟ်တုလွှတ်တင်မှုတွေကိုလည်း အောင်မြင်စွာ လုပ်ဆောင်ပြီးစီးထားပြီဖြစ်လို့ ၂၀၂၆ ခုနှစ် မကုန်ခင်မှာ အများပြည်သူသုံး ဝန်ဆောင်မှုအနေနဲ့ တရားဝင် ချပြနိုင်တော့မှာ ဖြစ်ပါတယ်။

ဒီဝန်ဆောင်မှုကို အစောဆုံး စမ်းသပ်သုံးစွဲချင်သူတွေအနေနဲ့ စောင့်ဆိုင်းစာရင်း (Waitlist) မှာ နာမည်စာရင်း ပေးသွင်းနိုင်ပြီ ဖြစ်ပါတယ်။ အမေဇုန်ဟာ Leo ဝန်ဆောင်မှုအတွက် ရာသီဥတုဒဏ်ခံ ဂြိုဟ်တုဖမ်းစက် (Receiver) အမျိုးအစား ၃ မျိုး ထုတ်လုပ်ပေးသွားမှာ ဖြစ်ပြီး ဒေါင်းလုဒ်အမြန်နှုန်း 100Mbps အထိရမယ့် နာနို (Nano)၊ 400Mbps အထိရမယ့် ပရို (Pro) နဲ့ 1Gbps အထိ အမြန်နှုန်းရမယ့် အာထရာ (Ultra) တို့ပဲ ဖြစ်ပါတယ်။
Ref : gsmarena