BMW ရဲ့ ကားထုတ်လုပ်ရေးစက်ရုံတွေဟာ ခေတ်ရှေ့ပြေးနေပြီ ဖြစ်ပြီး အမေရိကန်နိုင်ငံ စပါတန်ဘာ့ဂ်စက်ရုံမှာ မျိုးဆက်သစ် Figure 03 လူတူစက်ရုပ် ကို အသုံးပြုလိုက်ပါပြီ။ အရင်က ခြေလှမ်းစတင်ခဲ့တဲ့ Figure 02 ရဲ့ အောင်မြင်မှုအပြီးမှာ အခု Figure 03 ကတော့ ပိုမိုပါးနပ်ပြီး ရှုပ်ထွေးလှတဲ့ ထုတ်လုပ်ရေးထောက်ပံ့ပို့ဆောင်ရေး (Logistics) လုပ်ငန်းခွင်ထဲကို ဝင်ရောက်လာတာ ဖြစ်ပါတယ်။ သူဟာ အစီအစဉ်မရှိ ရောနှောနေတဲ့ ကားအစိတ်အပိုင်းတွေကို တစ်ခုချင်း လိုက်လံခွဲခြားပေးရုံတင်မကဘဲ တပ်ဆင်ရေးအလုပ်ရုံတွေဆီ မောင်းသူမဲ့သယ်ယူပို့ဆောင်ရေးစနစ်နဲ့ အချိန်ကိုက်ပေးပို့နိုင်ဖို့အတွက်ပါ စနစ်တကျ စီစဉ်ပေးနေတာပဲ ဖြစ်ပါတယ်။

ဒီထူးခြားတဲ့ စက်ရုပ်တွေရဲ့ အလုပ်လုပ်ဆောင်မှုကြောင့် BMW ရဲ့ နာမည်ကြီး “just-in-sequence” ကုန်ထုတ်လုပ်မှုစနစ်ဟာ ပိုပြီးတော့ မြန်ဆန်တိကျလာပါတယ်။ လူသားအလုပ်သမားတွေအနေနဲ့လည်း မှန်ကန်တဲ့ အစိတ်အပိုင်းတွေကို စက္ကန့်မလပ် အချိန်ကိုက်ရရှိမှာဖြစ်လို့ ထပ်ခါတလဲလဲလုပ်ရတဲ့ ပင်ပန်းလွန်းတဲ့ လက်လုပ်ငန်းတွေကနေ သက်သာရာရသွားစေမှာ ဖြစ်ပါတယ်။

ဒါ့အပြင် Figure 03 ရဲ့ အဆင့်မြှင့်တင်ထားတဲ့ နည်းပညာတွေက တကယ့်ကို အံ့ဩစရာကောင်းလှပါတယ်။ လုပ်ငန်းခွင်ထဲက လူသားတွေနဲ့ အတူအလုပ်လုပ်တဲ့အခါ ဘေးအန္တရာယ်ကင်းဖို့အတွက် ခန္ဓာကိုယ်အပြင်ဘက်ကို ပျော့ပျောင်းတဲ့အလွှာနဲ့ ဖုံးအုပ်ပေးထားသလို ကြိုးမဲ့အားသွင်းစနစ်နဲ့ အသံနဲ့တိုက်ရိုက် စကားပြောဆက်သွယ်နိုင်တဲ့ စနစ်တွေပါ ပါဝင်လာပါတယ်။ အထူးသဖြင့် ကားအစိတ်အပိုင်းတွေကို အမှားအယွင်းမရှိ ကိုင်တွယ်နိုင်ဖို့အတွက် အထိအတွေ့အာရုံခံစနစ်တွေနဲ့ လက်ဖဝါးထဲမှာတင် ကင်မရာတွေ မြှုပ်နှံတပ်ဆင်ထားတဲ့ စက်ရုပ်လက်ချောင်းတွေကို သုံးထားတာပဲ ဖြစ်ပါတယ်။ BMW ကတော့ အဆင့်မြင့် AI နဲ့ စက်ရုပ်နည်းပညာကို ပေါင်းစပ်ပြီး သူတို့ရဲ့ စက်ရုံကွန်ရက်တစ်ခုလုံးမှာပါ ဆက်လက်တိုးချဲ့သွားမယ်လို့ ဆိုပါတယ်။
Ref : Technology Innovation