လက်ထဲမှာ အလေးခံပြီး Bluetooth Speaker ကို မသယ်ချင်သူတွေရှိပါတယ်။ အဲ့လိုလူတွေအတွက် Bose ဆိုတဲ့ နာမည်ကြီး Speaker နဲ့ Headphone ကုမ္ပဏီကနေ လည်ပင်းပေါ်မှာ ဝတ်လို့ရတဲ့ Speaker တစ်မျိုးကို ထုတ်လုပ်ပေးလိုက်ပါပြီ။

မြန်မာငွေ လေးသိန်းဝန်းကျင်ရှိတာကြောင့် ဈေးကတော့ မသေးပါဘူး။ ပေးရတဲ့ဈေးနဲ့ တန်လားဆိုတော့လည်း တန်တယ်လို့ပြောလို့ ရသလို ဈေးကြီးတယ်လို့လည်း ပြောလို့ရပါတယ်။ Bose ဆိုတာ Speaker လောကမှာ နာမည်ကြီးပါ။ သူထုတ်တဲ့ ထုတ်ကုန်တော်တော်များများကို မြန်မာနိုင်ငံမှာ ဝယ်လို့ရသလို သုံးတဲ့သူတွေလည်း တော်တော်များပါတယ်။

အခုထုတ်ပေးလိုက်တဲ့ Bluetooth Speaker ကို Bose SoundWear Companion လို့နာမည်ပေးထားပါတယ်။ SoundWear ဆိုတဲ့အတိုင်း ကိုယ်ပေါ်မှာ ဝတ်ဆင်ရပါတယ်။ လည်ပင်းနားမှာ Speaker ကြီးဝတ်မယ်လို့ စိတ်များကူးဖူးရဲ့လား။ ဘယ်အချိန်မှာ ဒါကြီးကို ဝတ်ရမှာလဲဆိုတဲ့မေးခွန်းတွေ အွန်လိုင်းမှာ အများကြီးဖြစ်သွားပါတယ်။ တစ်ကယ်တော့ အခု Speaker ကလူတိုင်းအတွက်မရည်ရွယ်ပါဘူး။ လမ်းပေါ်မှာ လမ်းလျှောက်နေတုန်း၊ ဘတ်စ်ကားစီးနေတုန်းနဲ့ အိမ်သန့်ရှင်းရေးလုပ်နေတုန်းတွေမှာ ဝတ်ပြီးသီချင်းနားထောင်ဖို့ မဟုတ်တာတော့ အမှန်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ Speaker တွေကထွက်တဲ့အသံက ကိုယ်တစ်ယောက်တည်းကြားရမှာမဟုတ်ပဲ ဘေးလူတွေကိုပါ အနှောက်အယှက်ဖြစ်စေနိုင်လို့ပါ။

Speaker တွေက ဝတ်ဆင်သူရဲ့နားတွေဖက်ကို လှည့်ပေးထားတာကြောင့် Bose ရဲ့ကောင်းလှပါတယ်ဆိုတဲ့ အသံအရသာကို ကောင်းကောင်းကြီးခံစားနိုင်မှာပါ။ လည်ပင်းနားမှာ သက်တောင့်သက်သာရှိမယ့်ပုံစံရအောင် စိတ်ကြိုက်ပြုပြင်နိုင်လို့ တစ်ကယ်တမ်းဝတ်ဆင်ထားတဲ့အချိန်မှာ တော်တော်လေးအဆင်ပြေမှာပါ။ အရည်အသွေးကတော့ ပေးရတဲ့ဈေးနဲ့တန်ပါတယ်။ ဘယ်ညာ Speaker တွေနဲ့ အသံအတိုးအကျယ် ခလုတ်တွေပါဝင်ပါတယ်။ Battery ကတော့ ၁၂ နာရီလောက် ဆက်တိုက်နားထောင်လို့ရမှာပါ။ Micro USB နဲ့အားသွင်းရမှာပါ။ SoundWear တစ်ခုလုံးကို အုပ်ထားတဲ့ ချည်သားနဲ့လုပ်ထားတဲ့ အစွပ်ကို အရောင်အမျိုးမျိုး သီးသန့်ဝယ်လို့ရပါသေးတယ်။ အဲ့ဒီတော့ ဘယ်အင်္ကျီဝတ်ထားထား အရောင်ကွဲမနေတော့ပဲ ကြည့်ရတာ ပိုအဆင်ပြေသွားမှာပါ။ အ့ဒီ Cover တွေကိုတော့ ခန့််မှန်းဈေး မြန်မာငွေ လေးသောင်းကျော်လောက်နဲ့ရောင်းမှာပါ။ ကဲ Bose ရဲ့ လည်ပတ် Speaker ကတော့ စိတ်ဝင်စားစရာပါပဲ။