ဂျပန်နိုင်ငံရဲ့ အကျော်ကြားဆုံး တိုကျိုတက္ကသိုလ်နဲ့ ကျိုတိုတက္ကသိုလ်တို့ရဲ့ ဝင်ခွင့်စာမေးပွဲမှာ ChatGPT (မော်ဒယ်သစ် 5.2 Thinking) က ဝင်ရောက်ဖြေဆိုခဲ့ရာမှာ တကယ့် ထိပ်တန်းကျောင်းသားတွေထက်တောင် အမှတ်ပိုရပြီး အောင်မြင်သွားတာကြောင့် လူပြောများနေပါတယ်။ အထူးသဖြင့် တိုကျိုတက္ကသိုလ်ရဲ့ ဆေးဘက်ဆိုင်ရာ ဝင်ခွင့်စာမေးပွဲမှာ အမှတ်အများဆုံးရတဲ့ လူသားကျောင်းသားထက် ၅၀ မှတ်တောင် ပိုရခဲ့သလို၊ သင်္ချာဘာသာရပ်မှာလည်း အမှတ်ပြည့် (Perfect Score) ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ၂၀၂၄ ခုနှစ်က ChatGPT-4 မော်ဒယ်နဲ့ စမ်းသပ်စဉ်က အောင်မှတ်မရခဲ့တဲ့ အခြေအနေကနေ တစ်နှစ်အတွင်း သိသိသာသာ တိုးတက်လာတဲ့ ရလဒ်လည်း ဖြစ်ပါတယ်။
စမ်းသပ်ချက်တွေအရ ChatGPT ဟာ ဝိဇ္ဇာနဲ့ သိပ္ပံဘာသာရပ် အသီးသီးမှာ သတ်မှတ်ထားတဲ့ အမှတ်အများဆုံး စံချိန်တွေကို ကျော်ဖြတ်နိုင်ခဲ့သလို ကျိုတိုတက္ကသိုလ်ရဲ့ ဥပဒေနဲ့ ဆေးပညာဌာန ဝင်ခွင့်တွေမှာလည်း ထိပ်တန်းအမှတ်တွေ ရခဲ့ပါတယ်။ ဒါပေမဲ့ အားနည်းချက်အနေနဲ့ အင်္ဂလိပ်စာမှာ ၉၀ ရာခိုင်နှုန်းအထိ ရခဲ့ပေမယ့် ကမ္ဘာ့သမိုင်းလိုမျိုး ကိုယ်ပိုင်အတွေးအမြင်နဲ့ ရေးရတဲ့ အက်ဆေးမေးခွန်းတွေမှာတော့ ၂၅ ရာခိုင်နှုန်းပဲ ရရှိခဲ့တာကို တွေ့ရပါတယ်။ ဒါဟာ AI အနေနဲ့ အချက်အလက်ပိုင်းမှာ ကျွမ်းကျင်ပေမယ့် လူသားတွေလို နက်နက်ရှိုင်းရှိုင်း ခံစားရေးသားရတဲ့အပိုင်းမှာတော့ လိုအပ်ချက် ရှိနေသေးတာကို ပြနေတာပါ။
ဒီရလဒ်နဲ့ပတ်သက်ပြီး ပညာရှင်တွေကတော့ AI ဟာ ဒေတာအချက်အလက် အမြောက်အမြားကို မှတ်သားနိုင်စွမ်းရှိတဲ့အတွက် ဂဏန်းပေါင်းစက်လိုပဲ အခုလို အမှတ်ကောင်းတာဟာ မထူးဆန်းဘူးလို့ သုံးသပ်ကြပါတယ်။ ဒါကြောင့် ရှေ့လျှောက်မှာ လူသားတွေနဲ့ AI ကို အပြိုင်အဆိုင် မလုပ်စေဘဲ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွေကိုလည်း အလွတ်ကျက်မှတ်မှုထက် တန်ဖိုးအသစ်တွေ ဖန်တီးနိုင်စွမ်းနဲ့ စဉ်းစားတွေးခေါ်မှုကို စစ်ဆေးတဲ့ ပုံစံမျိုးဖြစ်အောင် ပြောင်းလဲဖို့ အချိန်တန်ပြီလို့ အကြံပြုထားပါတယ်။
Ref : Bangkokpost