Facebook ကနေ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလတုန်းက စမတ်ဖုန်းမလိုအပ်ပဲ အသုံးပြုလို့ရတဲ့ Oculus Go VR Headset ကို ပြသခဲ့တာပဲဖြစ်ပါတယ်။ အခုအချိန်မှာတော့ Facebook က ပြီးခဲ့တဲ့ ရက်သတ္တပတ်က ကျင်းပခဲ့တဲ့ F8 Developer Conference မှာ အခု Oculus Go VR Headset ကို စတင်ဝယ်ယူနိုင်ပြီဖြစ်တဲ့အကြောင်း ကြေညာလိုက်ပါတယ်။

အခု Oculus Go VR Headset ဟာ စမတ်ဖုန်းအသုံးပြုဖို့မလိုအပ်တဲ့အတွက် Google Daydream VR လိုမျိုး Support ပြုလုပ်တဲ့ စမတ်ဖုန်းရှိဖို့မလိုအပ်သလို အရည်အသွေးအရလည်း စမတ်ဖုန်းနဲ့ ချိတ်ဆက်ပြီး အသုံးပြုတာထက် ပိုပြီးကောင်းမွန်မှာပဲဖြစ်ပါတယ်။

အခု Oculus Go VR Headset ဟာ Eye Tracking Features တွေမပါဝင်ပေမယ့် မြန်နှုန်းမြင့်မားပြီး Resolution ကောင်းမွန်တဲ့ LCD Display တွေကို တပ်ဆင်ပေးထားတာဖြစ်ပြီးတော့ VR ပိုင်းကိစ္စရပ်တွေကို ကိုင်တွယ်နိုင်အောင်လည်း Qualcomm Snapdragon 821 Chipset ကို အသုံးပြုထားတယ်လို့ သိရပါတယ်။

စမတ်ဖုန်းနဲ့ ချိတ်ဆက်လို့မရပေမယ့် အခု Oculus VR Headset မှာ အသုံးပြုနိုင်တဲ့ Games တွေ၊ Apps တွေ ၁၀၀၀ ကျော်ရှိနေပြီလို့ Facebook ကနေ ပြောကြားခဲ့ပါတယ်။ အဲ့ဒီအတွက် Oculus Go VR Headset ဟာ 32GB Model ကို ၁၉၉ ဒေါ်လာ နဲ့အတူ 64GB Model ကို ၂၄၉ ဒေါ်လာနဲ့ ရောင်းချသွားမှာပဲဖြစ်ပါတယ်။

Facebook ရဲ့ ကြေငြာချက်အရတော့ အခု Oculus Go VR Headset ဟာ Xiaomi ရဲ့ အကူအညီနဲ့ ထုတ်လုပ်ခဲ့တာဖြစ်ပြီးတော့ လက်ရှိမှာတော့ နိုင်ငံပေါင်း ၂၃ နိုင်ငံမှာ တရားဝင်ဝယ်ယူနိုင်နေပြီပဲဖြစ်ပါတယ်။