လက်ရှိအချိန်မှာ Open AI ရဲ့ Chat GPT ဟာ လူတွေကြားထဲမှာ ရေပန်းအစားဆုံး AI နည်းပညာဖြစ်လာပါပြီ။ Chat GPT ကို ယှဥ်ပြိုင်ဖို့အတွက် Microsoft ကလည်း Bing AI ကို အသုံးပြုခွင့်ပေးခဲ့ပြီး အပြိုင်အဆိုင်ဖြစ်လာပြီလို့ ပြောလို့ရပါတယ်။

ဒါပေမယ့် Search Engine ထဲမှာ လူသုံးအများဆုံးဖြစ်တဲ့ Google ကတော့ AI တိုက်ပွဲတွေကြားထဲမှာ နောက်ကောက်ကျနေပါတယ်။ Google က Chat GPT နဲ့ Microsoft Bing AI ကို ယှဥ်ပြိုင်ဖို့ Bard အမည်ရတဲ့ AI ကို စမ်းသပ်ထုတ်ပေးခဲ့ပေမယ့်လည်း အားနည်းချက်တွေကြောင့် ဝေဖန်ခံခဲ့ရပါတယ်။

ဒါကြောင့် အခုအချိန်မှာ Google ကနေ AI နည်းပညာကို လုံးဝအခြေခံထားတဲ့ Search Engine အသစ်ကို ဆောင်ရွက်နေပြီလို့ သတင်းတွေထွက်ပေါ်လာပါတယ်။ အဆိုပါ Search Engine ဟာ လက်ရှိ Google Search Engine နဲ့မတူညီဘဲ ပိုပြီး Personalized ဖြစ်တဲ့ User Experience ကို ရရှိစေဖို့ ရည်ရွယ်ထားမှာဖြစ်ပါတယ်။

Google ရဲ့ AI Search Engine အသစ်ကို ဘယ်အချိန်မှာ မြင်တွေ့ရမလဲဆိုတာကို အတိအကျမသိရသေးသလို နာမည်ကလည်း ဘာဖြစ်မလဲဆိုတာ မသိရသေးပါဘူး။ လက်ရှိအချိန်မှာတော့ Google ဟာ အဆိုပါ AI Search Engine ကို “Magi” ဆိုပြီး Codename နာမည်ပေးထားတယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Google ဟာ အဆိုပါ AI Search Engine အတွက် အထူးဦးစားပေးဆောင်ရွက်နေတာဖြစ်ပြီး မကြာခင်အချိန်အတွင်းမှာ ဘယ်လို Feature တွေ ပါလာမလဲဆိုတာကို သိရှိရမယ်လို့ ခန့်မှန်းရပါတယ်။

Ref – Engadget