Google ဟာ Pixel ဖုန်းတွေနဲ့ပတ်သက်လာရင် အချက်အလက်တွေကို လျှို့ဝှက်ထားလေ့ ရှိပါတယ်။ ဒါပေမယ့် လည်း ရှေ့ကဖုံး၊ နောက်ကပေါ်ဆိုသလို အဖြစ်အပျက်တွေလည်း မကြာခဏ တွေ့မြင်ရလေ့ရှိပါတယ်။ ဒါကြောင့်လည်း Pixel 4a ဟာ တရားဝင်မိတ်ဆက်ခြင်း မလုပ်ရသေးခင်မှာ Camera Review ထွက်လာတာ မဆန်းဘူးလို့ ဆိုရတော့မှာပါ။

အခုလည်း Pixel 4a နဲ့ 4a XL တွေကို ဗီယက်နမ်စက်ရုံမှာ ထုတ်လုပ်ထားတဲ့ပုံတွေ ပေါက်ကြားထွက်ပေါ်လာပြန်ပါတယ်။ Pixel 4a တွေကို ဗီယက်နမ်မှာထုတ်မယ်လို့ထွက်ထားတဲ့ ကောလာဟလဟာ အခုတော့ အမှန်တကယ်ဖြစ်သွားရပါပြီ။ Pixel 4a ကလည်း အာရှနိုင်ငံမှာ ထုတ်လုပ်တဲ့ ပထမဆုံးမော်ဒယ် ဖြစ်လာပါတယ်။

ဗီယက်နမ်ဘလော့တစ်ခုက ဖော်ပြတဲ့ပုံမှာ Pixel 4a တွေကို စက်ရုံထဲမှာ ထုတ်လုပ်ပြီး ထုတ်ပိုးထားတဲ့ ပုံစံတွေကို တွေ့မြင်ရတာပါ။ စက်ရုံဟာ Vinh Phuc မှာရှိပြီး ထိုင်ဝမ်ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်တယ်လို့ ဆိုပေမယ့် Foxconn ဟုတ်၊ မဟုတ် ဆိုတာကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒါပေမယ့် ထုတ်လုပ်ထားတဲ့ Pixel ဖုန်းတွေမှာ မတူညီတဲ့မော်ဒယ် နှစ်မျိုးအပြင် အဖြူနဲ့ အနက် အရောင်နှစ်မျိုးကိုလည်း တွေ့မြင်ရပါသေးတယ်။ အဖြူရောင်ကတော့ ပိုကြီးပြီး ကုဒ်နာမည်ဟာ “Blembe” ဖြစ်ပါတယ်။ ဒါဟာ Pixel 4a XL ဖြစ်နိုင်ပါတယ်။ သေးငယ်တဲ့ အနက်ရောင်နဲ့ဟန်းဆက်ကတော့ “Sunfish” ဆိုတဲ့ ကုတ်နာမည်နဲ့ဖြစ်ပြီး Pixel 4a ဖြစ်မယ်လို့ ယူဆရပါတယ်။

သတင်းရင်းမြစ်ကတော့ Pixel 4a ဟာ ‘grainy plastic’ နဲ့ ‘plastic buttons’ တွေဖြစ်ပြီး ‘mid-range phone feel’ ကိုခံစားစေရတယ်လို့ ဆိုပါတယ်။ Pixel 4a ကို လာမယ့် ဇွန်လ ၅ ရက်နေ့မှာ ရောင်းချမယ်လို့ သတင်းထွက်ထားပြီး ဈေးနှုန်းကလည်း 128GB ဗားရှင်းကို $349 (၅ သိန်းဝန်းကျင်) နဲ့ ရောင်းချမယ်လို့ သတင်းထွက်ထားပါတယ်။

Ref: Gizmochina